Monday, 30 May 2011

အခန်း(၁) "နိုင်ငံရေး-သူငယ်တန်းဘ၀"

၁၉၈၈ ခုနှစ် သြဂုတ်-စက်တင်ဘာ
လော့စ်အိန်ဂျယ်မြို့ - အမေရိကန်နိုင်ငံ


"မြန်မာပြည်မှာ ၁၉၄၈က ပြည်တွင်းစစ်ဖြစ်ခဲ့တာ ကျွန်တော့်အဖေနဲ့ သခင်သန်းထွန်း စကားများခဲ့လို့ပဲ"

    ရှပ်ခပ်ဖြူဖြူ .. အပြောကောင်းကောင်းနဲ့ အားရပါးရပြောနေသူမှာ မြန်မာနိုင်ငံရေးလောကမှာ နာမည်ကျော်ခဲ့သူ သခင်ကျော်ငြိမ်း၏သားဖြစ်ပါသည်။ ကျွန်တော်၏ ယောက်ဖဖြစ်သူ ကိုခင်မော် (စာရေးဆရာမောင်စည်သူ၏သား - ATM Honda ပိုင်ရှင်) နှင့်အတူ ကျွန်တော်လဲ နားထောင်နေမိပါသည်။

     အမေရိကန်နိုင်ငံသို့ ကျွန်တော်ရောက်နေတာ တစ်နှစ်ရှိရော့မည်။ ၁၉၈၅ခုနှစ် ဧပြီလခန့်က ဤနိုင်ငံသို့ သင်္ဘောသားဘ၀ဖြင့် ရောက်ခဲ့ရာ ယောက်ဖဖြစ်သူ ကိုခင်မော်နှင့်မတွေ့ရပဲ ဖုန်းသာပြောခဲ့ရပါသည်။ ထိုမှ သြဂုတ်လခန့်တွင် ညီမငယ်မကေသီညွန့် (စာရေးဆရာမ - မာလုစံ သဘာဝသိပ္ပံ) ရောက်လာရာ အမေရိကန်နိုင်ငံ အရှေ့ခြမ်းဒေသရောက်နေသူ ကျွန်တော်နှင့် ဖုန်းသာ ပြောခဲ့ရပါသည်။ ကျွန်တော်တို့၏ သင်္ဘော MV Baronia မှာ အမေရိကန်နိုင်ငံ အနောက်ဖက်ဒေသသို့ မရောက်ခဲ့ပဲ ၁၉၈၅နှစ်ကုန်အထိ ထို အမေရိကန်နိုင်ငံ အရှေ့ဖက်ခြမ်းဒေသများ၊ ဥရောပနိုင်ငံများသို့သာ ခေါက်တုံ့၊ ခေါက်ပြန် သွား၊ ကုန်တင်၊ကုန်ချ လုပ်နေသလို၊ ညီမထံသွားရန် လေယာဉ်အသွားအပြန် ဒေါ်လာ ၄၀၀ ခန့် ရှိနေ၍လည်း ကားဝယ်ရန်ပိုက်ဆံစုနေရသူခမျာ အပိုငွေမသုံးနိုင်ခဲ့ပါ။

    အမေရိကန်နိုင်ငံကလည်း ကြီးလွန်း၍ ကျွန်တော်တို့ ရောက်နေရာ မေရီလင်း၊ နယူးယောက်ဒေသတို့မှ အနောက်ခြမ်း၊ လော့အိန်ဂျယ်မြို့သို့ ခရီးမိုင် ၃၀၀၀ ကျော်ကွာဝေးနေ၍ ညီမဖြစ်သူသုံးဖို့ ဒေါ်လာ၁၀၀၊ ငွေထည့်ပို့ရင်း မုန့်ဖိုးပေးခဲ့ရပါသည်။

   ထိုမှသင်္ဘောတွင် နှစ်စေ့၍ မြန်မာပြည်ပြန်သွားခဲ့ပါသည်။
   တစ်နှစ်ခန့်အကြာ၊ ၁၉၈၆ခုနှစ်ကုန်ပိုင်းတွင် ညီမဖြစ်သူထံ သွားလည်ရင်း၊ အဆင်ပြေပါက ရှိုးဂျော့ Shore Job ပေါ့၊ မပြေလဲ ပြန်လာရင်း သင်္ဘောပြန်လိုက်နိုင်ရာ၊ ဘ၀ဇတ်လမ်းအတွက် ကြိုးစားခဲ့မိပါသည်။
   သင်္ဘောတွင် Cadet Officer ကုန်ပတ်အလုပ်သင်လဲ မလုပ်နိုင်၊ အိမ်ထောင်ကျပြီးဖြစ်၍ မိသားစုနှင့် ၃နှစ်ကျော် လုံးဝမခွဲနိုင်သလို၊  ထောက်ပံ့ရေးအရာရှိအဖြစ်၊ တာဝန်ယူရန်မှာလည်း အလုပ်ရရန် အလွန်ခက်ခဲနေ၍ အောက်ဆုံးခြေ ရိုးရိုးသင်္ဘောသား၊ ထမင်းချက်၊ တက်မကိုင်ဘ၀တို့မှ ဒုတိယအရာရှိစာမေးပွဲဖြေရန် ရည်မှန်းထားခဲ့ပါသည်။ သို့တစေ ထိုကိစ္စများဆောင်ရွက်နိုင်ရန်လည်း မိသားစုနှင့်နှစ်ရှည်လများ၊ ခွဲခွာနေဖို့ လိုနေရာ အမေရိကန်နိုင်ငံမှာ ရှိုးဂျော့ ၀င်လုပ်ရင်း ဘ၀တက်လမ်းရှာရန် စီစဉ်ရင်း ၁၉၈၇ စက်တင်ဘာလ ၇ ရက်မှာ ညီမနဲ့ ယောက်ဖကျေးဇူးနဲ့ အမေရိကန်နိုင်ငံသို့ ထွက်လာခဲ့ပါသည်။


    အတိုချုပ်ရေး၍သာ ထွက်လာခဲ့ပါသည် ရေးရသော်လည်း ဤအမေရိကန်နိုင်ငံသို့ တရားဝင်လာဖို့မှာ ထိုစဉ်က အလွန်ခက်ခဲပါသည်။
    အမေရိကန်နိုင်ငံလာနိုင်ဖို့ ငွေရှိဖို့လိုသလို၊ ဗီဇာရရန်လည်း ခက်ခဲလှပါသည်။ အမေရိကန်နိုင်ငံ လာနိုင်ရန် လေယဉ်ခငွေ ဒေါ်လာ ၁၄၀၀ (နေစရိတ်၊ စားစရိတ်မပါ) မရှိမဖြစ်လိုအပ်နေပါသည်။
    ထိုစဉ်က ညွန်ကြားရေးမှုးလစာငွေ ကျပ်၁၅၀၀ခန့်ဖြင့်၊ မိသားစုဝင် ၈ဦး၊ တစ်လလုံး စားလောက်သလို၊ မှောင်ခိုငွေလဲနှုံးမှာ အမေရိကန်တဒေါ်လာလျှင် မြန်မာကျပ်ငွေ၃၀သာဖြစ်ခဲ့ပါသည်။ စာရေးလစာငွေမှာ တလကျပ်၂၀၀ဖြစ်ပြီး၊ လဘက်ရည်တခွက် တကျပ်ဖြစ်ပါသည်။
   ၁၉၈၀နှစ်ကုန်မှစပြီး သင်္ဘောသားဖြစ်လာသော ကျွန်တောသည် ၁၉၈၂ နှင့် ၁၉၈၅ ခုနှစ်တွင် သင်္ဘော ၂ခေါက်လိုက်နိုင်ပြီး၊ ၁၉၈၃ နှင့် ၁၉၈၆ တို့တွင် ကားတစ်စီးစီ တင်သွင်းနိုင်ခဲ့၍ အမေရိကန်နိုင်ငံသို့ လာရောက်နိုင်ရေးအတွက် လေယာဉ်လက်မှတ်ခငွေအတွက် မပူခဲ့ရပါ။

   အိမ်ထောာင်စကျကတည်းက မိဘနှင့်ယောက္ခမအိမ်တို့တွင် နေထိုင်ခဲ့ရ၍ မိသားစုအဆင်ပြေခဲ့ပါသော်လည်း၊ ထိုအမေရိကန်နိုင်ငံရောက်ရင် ဘယ်လိုလုပ်ရမည်နည်း၊ ဘာအလုပ်ဝင်လုပ်၍ ၀င်ငွေရမည်နည်း!
    နေရမှာကလည်း၊ အမေရိကန်နိုင်ငံသို့ ကြိုရောက်နေသော ယောက်ဖကိုခင်မော်နှင့် သူ့ညီမ မမိမိခင်တို့ ငှားနေသောအိမ်တွင် နေရမှာဖြစ်ပါသည်။ ထိုစဉ်က သူတို့မောင်နှမမှာ ဘော်နာပတ်စ် Buena Park City တွင် အခန်း၃ခန်းပါ၊ အိမ်ငှားနေပါသည်။ သူတို့နှင့်အတူ ကျွန်တော်တို့ နေခဲ့သော ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ပိတောက်ပင်လမ်း၊ အထက်လမ်းနေ၊ ကိုမင်းဟန်နှင့်မမရီရီဌေးမိသားစုလဲ စုနေခဲ့ပါသည်။

    အိမ်ပိုင်ရှင်မှာ မြန်မာပြည်မှပင် ကိုဟယ်ရီချင်းနှင့်မမဘက်တီ (ယခု ATM Honda ပိုင်ရှင်) တို့ဖြစ်ကြပြီး၊ ကိုဟယ်ရီချင်း၏ညီ၊ ကော်နယ်ချင်းမှာ လူသိများသူ၊ ဆွေမျိုးများသူ ဖြစ်ပြီး ကိုခင်မော်၊မမိမိခင်မိသားစုနှင့် တရပ်တည်းသားတွေ၊ လမ်း၅၀သားတွေ ဖြစ်ကြပါသည်။
    ထိုအိမ်သည် အိပ်ခန်း၃ခန်းပါသော အိမ်ဖြစ်၍၊ ကိုခင်မော်နှင့်ကျွန်တော့်ညီမ မကေညီညွန့်တို့ရော၊ ကိုမင်းဟန်နှင့်မမိမိခင်မိသားစုပါ၊ ငှားနေသည်ဖြစ်သော်လည်း၊ မရီရီဌေး၏ ညီမငယ်ဖြစ်သူ ၀ါလေးလည်း ရောက်ရှိနေသလို၊ မိတ်ဆွေကိုစံသာလည်း ရောက်နေပါသည်။
    ဒီကြားထဲ ကျွန်တော့အပြင်၊ မမရီရီဌေး၏ မိဘများကိုပါ ကျွန်တော်နှင့်တရက်တည်း လာနိုင်ရေး စီစဉ်ခဲ့ရာ၊ ထိုအိပ်ခန်း၃ခန်းပါအိမ်တွင် မိသားစု၂စုပေါင်း ၁၂ဦးစုနေရမလိုဖြစ်နေရာ၊ သင်္ဘောသားဘ၀ အအေးဒီဂရီ -၂၀ (သုညအောက်မိုင်းနပ်စ်၂၀) ရာသီဥတုကြမ်းအောက် သင်္ဘောကြိုးခွေတွေပေါ်မှာ အိပ်ခဲ့ဖူးသည့် ကျွန်တော်မမှုပါ၊ ဂိုဒေါင်ထဲအိပ်ရသော်လည်း OK ပါပဲ။ 

    ကိုမင်းဟန်နဲ့ မရီရီဌေးတို့ ဇနီးမောင်နှံကို ကျွန်တော်တို့က အောင်ကိုလတ်၊ တင်မိုးခိုင်ဟု စလေ့ရှိပါသည်။ ဘာကြောင့်ဆို မမရီရီဌေးက အဆိုတော်တင်မိုးခိုင်နဲ့ ရုပ်ချင်းတူသလိုရှိပါသည်။ (အမှန်က ပိုချောပါမည်။)
   သူတို့ ဇနီးမောင်နှံ အမေရိကားမသွားခင်က ခဏခဏတွေ့ခဲ့ရာ "တင်မိုးခိုင်တို့ မသွားသေးဘူးလား ပဲ နှုတ်ကျိုးရင်း မေးမိသည်ချည်း"။
   ကိုမင်းဟန်၏ဖခင်မှာ ၁၉၅၆ခုနှစ်သြဂုတ်လက၊ ပုပ္ပါတောင်ဖက်လေယာဉ်ပျက်ကျ၍၊ သေဆုံးခဲ့ရသူ ဒုဗိုလ်မှုးကြီးမြင့်ဟန်ဖြစ်ပါသည်။ ထိုလေယာဉ်ပျက်ရာတွင် ဦးလေးဗိုလ်မှုးမျိုးဟန်လည်း ပါသွားပါသည်။ ကိုမင်းဟန်၏အစ်မ မကြည်ကြည်ဟန်မှာ ၁၉၆၉ခုနှစ်၊ ကျွန်းဆွယ်အားကစားပြိုင်ပွဲ၊ မြန်မာအသင်း အလံကိုင်သူဖြစ်ပါသည်။

   ကိုစံသာ၏ အစ်ကို၊ ကိုစိုးသာနှင့်ကျွန်တော်သိသော်လည်း၊ ကိုစံသာအမေရိကားရောက်နေတာ ကျွန်တော်မသိပါ၊ ကိုစံသာ၏ညီ ကိုအောင်သာမှာ (DSA ကျောင်းအုပ်ဖြစ်ခဲ့သူ) ပညာရေးဝန်ကြီးဗိုလ်မှုးကြီးကျော်ငြိမ်း၏ သမီးဖြူဖြူနှင့် အိမ်ထောင်ကျခဲ့ရာ၊ သူတို့နှင့်ခင်မင်ခဲ့သော်လည်း၊ ကိုစံသာအကြောင်းစကားမစပ်မိခဲ့ကြပါ။
   ကိုစိုးသာမှာ ထိုစဉ်က စာတိုက်ကြေးနန်းမှာ ညွန်ကြားရေးမှုးဖြစ်နေပြီး၊ ဘုရားတရားမြဲပါသည်။ ကျွန်တော်နေခဲ့သော ယောက္ခမအိမ်ရှိရာ ဗဟန်မြို့နယ်၊ နန္န၀န်လမ်းရှိ၊ ပါဌိတက္ကသိုလ်ဘုန်းကြီးကျောင်းသို့ အမြဲလာ၍၊ ကျွန်တော်နှင့်လည်း၊ ၂ခါ၊ ၃ခါ ဆုံဖူး၊ သိဖူးပါသည်။

   ကျွန်တော်သည်၊ ပျော်ပျော်နေတတ်သူမို့၊ အမေရိကားသွားဖို့ ပြင်ဆင်တော့ ဗီဇာရရေးလည်းမပူမိ၊ လေယာဉ်လက်မှတ်ခလည်း ပေးနိုင်၍၊ မပူရသော်လည်း၊ အမေရိကားသွားနိုင်ရေးအတွက် လိုအပ်ချက်ဖြစ်သည့် စပွန်စာရရှိရေးအတွက်မူ ယောက်ဖကိုပဲ အားထားခဲ့ရပါသည်။ ဒါလည်း သူ့ဟာနဲ့သူ ဖြစ်လာသလို၊ ယောက်ဖကိုခင်မော်ကို ကျေးဇူးတင်ရပါသည်။ ကိုခင်မော်မှာ ရန်ကုန်ဆေးတက္ကသိုလ် ကျောင်းသားဘ၀တွင်၊ မှိုင်းရာပြည့်အရေးတွင် ပါဝင်မိသဖြင့်၊ ဆေးကျောင်းသား စတ္တုထနှစ် ၁၉၇၅ခန့်တွင် ထောင်ကျရင်း ဆေးကျောင်း ဆက်တက်ခွင့် မရခဲ့ပါ။ ဂျာမန် အထည်စက်ရုံတွင် ၀င်လုပ်ခဲ့ရင်း ညီမဖြစ်သူ မမိမိခင်၊ အမေရိကားနိုင်ငံသို့ ၁၉၈၀ခန့်က ရောက်ပြီးချိန်မှ ၁၉၈၄ခုနှစ် သြဂုတ်လခန့်တွင် လိုက်သွားသူဖြစ်သည်။
   သူအလုပ်လုပ်နေရာ Hock Honda ကားပြင်ဆိုင်ပိုင်ရှင် ကိုထွန်းရီ (Hock) နှင့်အထူးခင်မင်သဖြင့် ကိုခင်မော်ပြောပြ အကူညီတောင်းသဖြင့် ကိုထွန်းရီမှ ကျွန်တော့အတွက် အာမခံ၊ စပွန်စာ စာရေးပို့ပေးခဲ့ပါသည်။
    ကိုထွန်းရီ၏ Huck Honda မှာ Alhambra မြို့နယ်တွင် နာမည်ရသော ကားပြင်ဆိုင် ဖြစ်ပြီး၊ သူ၏၀င်ငွေမှာ အနည်းဆုံး တစ်လ ဒေါ်လာတစ်သောင်းဖြစ်ရာ၊ ထိုစဉ်တုန်းက မြန်မာတွေထဲမှာ အဦးဆုံးချမ်းသာခဲ့သူ မီလျှံနာတဦး ဖြစ်ခဲ့ပါသည်။ ထိုမြန်မာပြည်ဘွား ကိုထွန်းရီ၏ စပွန်စာလုပ်ပေးမှာ သိရ၍ အထူးဝမ်းသာရင်း၊ စပွန်စာလက်မှတ် မျှော်ခဲ့ရပါသည်။
 
   အမေရိကန်နိုင်ငံတွင် နေထိုင်ရေး အဓိက ၅ချက်ဖြစ်သည့် - လေယာဉ်လက်မှတ်၊ စပွန်စာလက်မှတ်စာ၊ ဗီဇာရရှိရေး၊ နိုင်ငံတွင် ရေရှည်နေထိုင်ရေး၊ ၀င်ငွေရရှိရေး၊ ၀င်ငွေရရှိရန် အလုပ်ရရှိရေးတို့အပြင် တရားဝင် နေထိုင်အလုပ်လုပ်ခွင့်နှင့် နိုင်ငံသားဂရင်းကဒ် ရနိုင်ရေးအလွန်အရေးကြီးလှပါသည်။
   ထိုအချိန်တွင် ကျွန်တော်နဲ့ ဂေါက်သီးရိုက်ဖက် အစ်ကိုကြီးဖြစ်သူ ကိုခင်မော် (ယခု LA တွင် ဘူမိဗေဒအရာရှိကြီး၊ အဆိုတော်ကိုဆက်မော်၏အစ်ကို) မှ ၀မ်းသာအားရ၊ သူဗီဇာရရှိသဖြင့် အမေရိကန်နိုင်ငံသို့ သွားတော့မည် ဆိုပါသည်။ "ကိုဇာနည်နဲ့ ကိုပြုံးတို့၊ တေဇတို့၊ ကိုဇင်မော် ရှေ့လထဲ အမေရိကားသွားရတော့မယ်"
   ထိုစဉ်က ၁၉၈၇ မေလခန့်တွင် အပတ်စဉ် အင်္ဂါ၊ ကြာသပတေး နှင့် စနေနေ့တိုင်း Burma Golf Club ၌ ကျွန်တော်တို့ ဂေါက်သီးကစားခဲ့ကြပါသည်။ ပင်တိုင်အားဖြင့် ကျွန်တော်တို့ ၃ဦးနှင့် သူလာကစားတတ်ပြီး၊ သူမလာနိုင်တဲ့ နေ့တွေမှာတော့ မက်သဒစ်ကျောင်းသား ကိုမျိုးဒန် (ကိုပြုံး လေတပ်ဗိုလ်မှုးချုပ်သောင်းဒန်သား) မှ သူ့သူငယ်ချင်း ဆန်နီခေါ်တင်အောင် (ယခု အမေရိကန်နိုင်ငံ Fountain Valley မြို့တွင် နေထိုင်သူကို ဖိတ်ခေါ်၊ ဖြည့်ကစားလေ့ ရှိခဲ့ပါသည်။

    ဆန်နီက ဂေါက်သီးကစားတာ တော်သည်။ ရူးလည်း ရူးသည်။ တခါတရံ ကျွန်တော်တို့နှင့် ရိုက်ပြီးပေမဲ့ အားမရပါက နောက်ထပ်ကိုးကျင်း (သို့မဟုတ်) ၁၈ကျင်း ထပ်ကစားလေ့ ရှိပါသည်။ သူနဲ့ မျိုးဒန်က တတွဲ၊ ကျွန်တော်နှင်တေဇက တတွဲ၊ အမြဲလိုလို၊ ကြောင်နဲ့ကြွက်တွေလို့ စကြ၊ နောက်ကြ၊ လောင်းကြနဲ့ ၁၉၈၆ခုနှစ် အောက်တိုဘာလမှ စကစားလာခဲ့တာ သြဂုတ်လဆို ၈လ ကျော်ပြီ။
   တေဇက ရိုက်အားကောင်းသည်။ သဘောလည်းကောင်းသည်။ ခင်ဖို့လဲကောင်းသည်။ စလို့လည်း ကောင်းသည်။ ဂေါက်သီးကစားပြီးတိုင်း သူ့မိန်မနဲ့ ပြန်တွေ့ဖို့ပဲ လောနေတတ်သည်။ ကျွန်တော်နှင့်တေဇ တွဲရိုက်၍ နိုင်မှာသေချာပြီဆိုလျှင် တေဇမှ သူ၏ကယ်ဒီကောင်လေးအား Club မီးဖိုချောင်သို့ ကြိုစေလွှတ်ရင်း ဆိတ်တကောင်လုံး ကင်ခိုင်းပါသည်။ ဆိတ်သားကင် ရလောက်ချိန်၊ ကျွန်တော်တို့ ၂တွဲ Club ရောက်ချိန်၊ ထိုဆိတ်သား ကောင်လုံးကင်ကို Club တွင်ရှိ စားပွဲအားလုံး ၊ ဂေါက်သီးသမား အားလုံးကို အလကားကျွေးသည်။ (ထိုစဉ်က ဆိတ်တကောင်၊ ကျပ်၂၀၀ ခန့်ဖြစ်ပါသည်။)
    "ကိုဇင်မော်က ဘယ်မြို့သွားမှာလဲ"
    "လော့စ်အိန်ဂျယ်"
    "ဟာ .. ကျွန်တော်လဲ လော့စ်အိန်ဂျယ်ပဲ"
    ကိုဇင်မော်ကြီး အမေရိကားထွက်သွားချိန် တလခန့်အကြာ၊ ဇွန်လကုန်လောက်မှာ ကျွန်တော်ထံ သူ စာရေးလာပါသည်။ သူ..အလုပ်ရပြီတဲ့။ 
    Shell ဓါတ်ဆီဆိုင်မှာ ငွေကိုင် Casher ပါတဲ့။ ညဖက် ၁၀နာရီမှ နံနက် ၆နာရီထိ၊ တနာရီး ၃ဒေါ်လာခွဲနှုန်း၊ တပတ် ၅ရက်လုပ်ရရာ၊ overtime ၀င်ငွေပါနှင့်ဆို ခု တလဒေါ်လာ ၈၀၀ခန့် ရနေတယ် ..တဲ့၊ ကိုဇာနည်လာရင် အနဲဆုံး အချိန်ပိုင်း တပတ် ၃ရက်သွင်းပေးမယ်တဲ့။ ဘာလို့ဆို သူဌေးတွေက လူမရှိ၍ စနေ၊ တနင်္ဂနွေ ၀င်လုပ်နေရ၍ အနဲဆုံး ၊ တပတ် ၃ရက် ရမည်ဆိုပဲ၊

    ကဲ .. အမေရိကားရောက်ဖူးတဲ့ ကျွန်တော်၊ ခုတခါတော့ သူတို့မြို့ပေါ်မှာ အမြိုင့်သားနေရဖို့ အလုပ်ရဖို့က သေချာနေပြီ၊ အမေရိကားသွားဖို့ လေယာဉ်ခလည်း မပူရ၊ ခု စာရသလို ၃ရက်အလုပ်ရတယ်ဆိုအုန်း၊ တလ overtime နဲ့ဆိုရင် ဒေါ်လာ ၄၀၀ခန့် သေချာနေပြီ၊ ၀င်ငွေခွန်ဒေါ်လာ၅၀ နှုတ်အုန်း၊ မိမိ အချိုးကျ ထည့်ဝင်ထားရမဲ့ ဒေါ်လာ၂၀၀ ထပ်နှုတ်အုန်း၊ ဒီမှာ စားသုံးဖို့ တလ ဒေါ်လာ၁၅၀က ပြေးမလွတ်၊
   အမေရိကားမှာ နေဖို့၊ စားဖို့၊ ၀င်ငွေရဖို့ မပူရတော့ ဗီဇာရရှိရေး နဲ့ ဟိုရောက်ရင် တရားဝင်နေထိုင်နိုင်ရေး (နေခွင့်) ရပေမဲ့ တရားဝင်အလုပ်လုပ်ခွင့် ရဖို့ ဗီဇာ Work Permit ရဖို့ အရေးကြီးသည်ကိုး)၊ ဒီအကြောင်းတွေကို ကိုပြုံးနဲ့တေဇ ပြောပြတော့၊ ကိုပြုံးလည်း မရိုးမရွဖြစ်လာသည်။
   "ငါလည်း သွားချင်တယ်ကွာ" ..တဲ။
   ကျွန်တော်မှ ငါအဆင်ပြေရင် ခေါ်မယ်ပြောပြီး ဘေးမှ တေဇကို ကြည့်တော့
   "ကျွန်တော်က မီလျှံနာလုပ်ချင်တယ်" ..တဲ့၊

   သူတကယ်ချမ်းသာပါသည်။
   ထိုစဉ်က ၁၉၈၇ခုနှစ်၊ ကျွန်တော်သင်္ဘောသား၊ သင်္ဘောလိုက်၊ ငွေစုပြီး ၃နှစ်တကြိမ်၊ ကားသွင်းပါက ပုံမှန်ကားတစီး၊ ကျပ်၂သိန်းခန့်ရရာ၊ ထိုစဉ်က တမိသားစုလုံး ပေါပေါလျံလျံ သုံးသည်။ တလ ကျပ်၃၀၀၀ မရှိချိန် သူပြောပုံကို ကြည့်ပါအုန်း။
   ပင်လယ်မင်းသား၊ ပင်လယ်အကျဉ်းသား၊ သူဌေးလေးတွေကို တနေ့ ဂေါက်သီးကစားပြီးချိန်၊ စားသောက်ပွဲတွင် သူငြီးနေပါသည်ခင်ဗျား။
   ကိုကြီးရေ .. ဒီလတော့ ဘာဖြစ်လို့ ၊ ညာဖြစ်လို့ .. ၃သိန်းပဲကျန်ပါသတဲ့။
   မြတ်စွာဘုရား..၊ ကျွန်တော်တို့တတွေ ကားပြန်ရောင်းမှ ၃နှစ်မှ ငွေ၂သိန်းခန့်ရလို့၊ သူဌေးလုပ်နေချိန် တလ ၃သိန်းပဲရလို့ ငြီးနေတာ နားနဲဆတ်ဆတ် ကြားခဲ့ရပါသည်။

 

အခန်း(၁) ဆက်ရန်။
ကိုဇာဏီညွန့်၏ မြန်မာပြည်ကိုချစ်သည် (စစ်ရေး၊ နိုင်ငံရေး၊ မြန်မာပြည်ရှေ့ရေး၊ အတွေ့အကြုံစာအုပ်) ၁၉၈၇ မှ ယခုအချိန်ထိ အနှစ်၂၀ကျော် ဘ၀အတွေအကြုံ)။

No comments:

Post a Comment