ထိုစဉ်က အမေရိကန်နိုင်ငံတွင် သမ္မတသစ် ရော်နယ်ရီဂင်အစိုးရ အုပ်ချုပ်လာရာ ကမ္ဘာတ၀ှမ်းရှိ ကွန်မြူနစ်-ဆိုရှယ်လစ်နှင့် အာဏာရှင်အစိုးရများစွာကို ဒီမိုကရေစီနိုင်ငံသစ်များအဖြစ် အသွင်ပြောင်းခဲ့ရာ၌ ဖိလစ်ပိုင်နိုင်ငံ၊ ရူမေးနီးယား၊ ဂျာမဏီ၊ ရုရှား၊ နိုင်ငံများစွာ ပြောင်းသွားခဲ့သော်လည်း မြန်မာနိုင်ငံတွင်မူ ၁၉၈၈ခုနှစ်၌ တဲတဲလေးလိုသောအချိန် - ခေါင်းဆောင်များမညီခဲ့၍၊ ရှင်းရှင်းရေးရပါလျှင် ၀န်ကြီးချုပ်ဟောင်း ဦးနုမှ အတွေ့အကြုံရှိစွာဖြင့် ကျွန်တော်သာလျှင် ၀န်ကြီးချုပ်ဟု ကြေညာချိန် - သူရဦးတင်ဦး - ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားခေါင်းဆောင်များမှ ပူးပေါင်းပါဝင်ခြင်းမရှိပဲ၊ ကလန့်ခဲ့ကြ၍ ဒီမိုကရေစီမရခဲ့ပါဟု တဲ့တဲ့ရေးပါမည်။
ဖိလစ်ပိုင်နိုင်ငံတွင် ထိုကဲ့သို့ ဖြစ်လာချိန် - ကာကွယ်ရေးဝန်ကြီး မစ္စတာအင်ရိုင်းလီ - စစ်ဗိုလ်ချုပ်ရာမို့စ် နှင့် လူထုခေါင်းဆောင် မစ္စအာကွီနိုတို့ ညီညွတ်ရေးလုပ်ပြခဲ့၍ အမေရိကန်နိုင်ငံ သမ္မတကြီး ရော်နယ်ရီဂင်မှ ဖိလစ်ပိုင်သမ္မတမားကို့စ်အား Welcome to United State အမေရိကန်နိုင်ငံသို့ ကြွခဲ့ပါ ဆိုရင်း အပြောင်းအလဲတွေ ဖြစ်ခဲ့သော်လည်း - ထိုအချိန်က နိုင်ငံရေးသူငယ်တန်းအဆင့်သာ ရှိနေသေးသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့မှ အဓိကပုဂ္ဂိုလ်နိုင်ငံရေးသုခမိန် အဆင့်ရှိ ဦးနုကို မထောက်ခံ၊ မပူးပေါင်းခဲ့၍ အမေရိကန်ရေတပ်စစ်သင်္ဘောများ ရန်ကုန်မြစ်ဝရောက်နေချိန် - ဘာမျှဆက်လုပ်၍ မရတော့ပဲ - ကျန်တာကတော့ ပိတ်ကားပေါ်မှာ ဆက်ဖြစ်သွားပါသည်။
အားမနာတမ်းရေးရပါလျှင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင်ဖြစ်လာသူ ဖြစ်သော်လည်း - တိုင်းပြည်ခေါင်းဆောင်ဖြစ်လာရန် "ကံ" ပါလာဟန်မရှိသူဟုပဲ ရေးရပါမည်။ လူဆိုတာ သူ့ကံနဲ့သူလာတာကိုး။
ထိုနေ့က အန်ကယ်ဦးလေးမောင်အိမ်မှ ပြန်လာပြီး လေတပ်ဗိုလ်ချုပ်သောင်ဒန် - အန်တီမမျိုးညွန့်တို့ထံ သွားနှုတ်ဆက်ပါသည်။
သူတို့အိမ်က ၈မိုင်မှာ ရှိသည်။ မောရ၀တီလမ်း
"သားရယ် - ကျန်းမာရေး ဂရုစိုက်နော် - ပြန်လာနော်" .. တဲ့ ..
အန်တီမမျိုးညွန့်မှ မှာရှာသည်။
မျိုးဒန် (ကိုပြုံး) က ဂေါက်ကွင်းမှ ပြန်မရောက်သေးပါ.
ဗိုလ်ချုပ်သောင်းဒန်နဲ့ဖေဖေတို့က မြန်မာ့လေတပ်မတော်ကို ၁၉၄၇ခုနှစ် ဒီဇင်ဘာလ ၁၅ရက်မှာ အတူတူ တည်ထောင်ခဲ့သူတွေ ဖြစ်ခဲ့ကြသလို၊ လေတပ်ထဲမှာ Rival တွေ - ပြိုင်ဖက်တွေလို ဖြစ်ခဲ့ကြပါသည်။
ဖေဖေတို့က RAF - Burma Volunteer Air Force မှ Royal Air Force သို့ ၁၉၄၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် ၀င်ရောက်ရင်း လေသူရဲများဖြစ်လာကြပါသည်။ အန်ကယ်သောင်းဒန်တို့ကမူ ၁၉၄၂ခုနှစ် BIA တပ်များ ဖွဲ့စည်းချိန် မင်္ဂလာဒုံဗိုလ်သင်တန်းအပတ်စဉ် (၂)၊ ၁၉၄၃ တက်ခဲ့ပြီး ၁၉၄၄ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ လေကြောင်းပညာသင်ပြီး ပြန်လာကြသူများဖြစ်ပါသည်။
ကြုံကြိုက်တုန်း ရေးရပါက - RAF ၀င်ရင်း၊ ဥရောပလေပိုင်နက်ထဲတွင်ရော၊ အာဖရိကစစ်မြေပြင်တွင်ရော ပါဝင်တိုက်ခိုက်ခဲ့ရာတွင် လေသူရဲဗိုလ်ကြီးကျော်ညွန့် (စာရေးဆရာကြီးသောင်းဝေဦး၏ ဦးလေး၊ လေသူရဲ ဗိုလ်သောင်းထိုက်တို့အပြင် - ဖေဖေနှင့်အပတ်စဉ်တူ လေသူရဲဗိုလ်လှရီခင်မျှာ ဂျာမာန်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရင်း ဥရောပလေဟာနယ်ထဲမှာ ပျက်ကျ ကျဆုံးခဲ့ရရာက မြန်မာလေသူရဲများထဲမှ ပထမဆုံး ကျဆုံးသူဖြစ်သွားရပါသည်။
လေကြောင်းဦးစီးဌာန ညွန်ကြားရေးမှုဖြစ်ခဲ့သည့် ဗိုလ်ကျော်ထွန်း၊ စစ်တွေမြို့မှ ရခိုင်လူမျိုး ဗိုလ်ကျော်သာ၊ မြန်မာ့ရေတပ်မတော်၏ ဒုတိယမြောက် စစ်ဦးစီးချုပ် - ဒုဗိုလ်မှုးကြီး S-ခင် (၁၉၅၀ ခန့်က လေယာဉ်ပျက်ကျသေဆုံးခဲ့ရသူ) နှင့် မြန်မာ့လေတပ်မတော်၏ တတိယမြောက် စစ်ဦးစီချုပ် ဗိုလ်မှုးချုပ်တီကလစ် (ယခု - သြစတြေးလျှားနိုင်ငံ ကွယ်လွန်)၊ ထိုတိုင်းရင်းသား ၅ဦး နှင့် ကပြားများ၊ မြို့ပိုင်များ ၇ဦး - စုစုပေါင်း ၁၂ဦးက အပတ်စဉ် (၁) - (ကိုယ်ပိုင်နံပါတ် လေ - ၁၀၂၀ - ဗိုလ်မှုးကြီးစောရှိးရှို (မြန်မာ့လေတပ်မတော်၏ ပထမဆုံးစစ်ဦးစီးချုပ်)၊ လေ၁၀၂၁ - ဗိုလ်လိန်ဆန်မိန်း၊ လေ ၁၀၂၂ ဒုဗိုလ်မှုးကြီးပယ်ရီအေးချို (ကြယ်ငါးပွင့်သင်္ဘော အကြံပေးပုဂ္ဂိုလ်)၊ လေ ၁၀၂၄ ဒုဗိုလ်မှုးကြီးအောင်ညွန့် (စာရေးသူ၏ဖခင်) တို့မှ ၅ဦးနှင့် ကပြား၇ဦးက အပတ်စဉ်(၂)၊ ထိုအပတ်စဉ်(၁) နှင့် (၂) တို့မှာ တနေ့ထဲ သင်တန်းစပြီး၊ တနေ့ထဲ အတူတူ သင်တန်းဆင်းသော်လည်း လျှောက်လွှာနံနက်ပိုင်း တင်ကြသူများက အပတ်စဉ် (၁) - နေ့လည်ပိုင်း လျှောက်လွှာတင်များက အပတ်စဉ်(၂) - ဆင်းလာကြသူ - Classmate များဖြစ်ခဲ့ကြပါသည်။
ဂျပန်ပြန် လေသူရဲများမှာမူ ဗိုလ်သောင်းဒန်၊ ဥဏ်မောင်၊ (သမ္မတရုံ မန်နေဂျာ - ယခုကွယ်လွန် - အောင်လံသား)၊ ဗိုလ်စိုးလှိုင် (နောင် ဒုဗိုလ်မှုးကြိး)၊ ဗိုလ်ကျော်ဇော် (နောင် - ဒုဗိုလ်မှုးကြီး)၊ ဗိုလ်အောင်မြတ် (နောင်-သီဟသူရဘွဲ့ရ - ကျဆုံးဗိုလ်မှုး)၊ ဗိုလ်ချစ်ခင် (နောင် - ဗိုလ်မှုးကြီး)၊ ဗိုလ်အေးမောင် (နောင် - ယဉ်ကျေးမှုဝန်ကြီး - ပုသိမ်လေတပ်စခန်းမှုး ဗိုလ်မှုးချုပ်ဇင်ယော်၏ ဖခင် ဗိုလ်တင်မောင်၊ ဗိုလ်ထွန်းသန်း (မော်လမြိုင်) နှင့် ဗိုလ်အေးလှိုင်တို့ ဖြစ်ကြပါသည်။
ထိုဂျပန်ပြန် လေသူရဲများထဲမှ ၆ဦး - BVAF ခေါ် Pilots များ (ကပ္ပတိန်ကျော်ညွန့်၊ ဗိုလ်သောင်းထိုက်နှင့် အခြားရုံး ပိုင်းလော့များ) အပြင် ၁၉၄၇ခု ဒီဇင်ဘာ ၁၅ ရက်၊ ဗမာ့တပ်မတော် စဖွဲ့ရာမှာ လေတပ်ထဲပင် ၀င်လာကြသည့် ဗိုလ်စောဖြူ (နောင် ဗိုလ်ချုပ်သူရစောဖြူ) ၊ ဗိုလ်တင်မောင်အေး (နောင် ဗိုလ်မှုးကြီးသူရတင်မောင်အေး)၊ နှင့် အခြားသူများဖြင့် မြန်မာ့လေတပ်မတော်ကို စတင်ဖွဲ့စည် တည်ထောင်ခဲ့ကြပါသည်။
သို့သော် - ထို ဂျပန်ပြန် ဗိုလ်သောင်းဒန်မှာ ကျွန်တော့်အား သားအရင်းပမာ ချစ်ခင်ရှာပါသည်။
အမေရိကားသို့ လေတပ်အရာရှိများလာလည်၍ အပြန်တွင် လက်ဆောင်များ စာများ ပေးပိုရခဲ့ရာ၊ ထိုလေတပ်အရာရှိများကို ကျွန်တော်တို့နှင့် ပတ်သက်တိုင်း "ဒါ ငါ့သားတွေကွ .." ဟု အမြဲပြောခဲ့ပါသည်။
ယခုတော့ အန်ကယ်သောင်းဒန် ဆုံးရှာပါပြီ - ၁၉၉၈ခန့်က ဖြစ်ရာ ၁၂နှစ်ရှိပါပြီ .။
ဒီလိုနဲ့ နှုတ်ဆက်သင့်သူများစွာ နှုတ်ဆက်ပြီးချိန် စက်တင်ဘာ၎ရက်နေ့မှာ အမေရိကား၊ ယူသွားဖို့ ပစ္စည်းတွေ အများကြီး ၀ယ်ဖြစ်ကြသည်။
ထိုညနေ - ဇနီး ခိုင် လက်ထဲမှာ ကျပ်ငွေ ၃၀၀၀ ပဲရှိတော့ - ငွေလိုသေးသလား မေးတော့ - မလိုဘူးတဲ့၊ ငွေလိုမှ ၀ယ်ထားတဲ့ ရွှေထည်အချို့ ရောင်းသုံးမယ်တဲ့၊ ဒါကလဲ လိုမှပါ၊ အမေရိကား ကျွန်တော်ရောက်လျှင် လစဉ် ဒေါ်လာ၁၀၀ပဲ ပို့ပေးအုန်း - သူသုံးဖို့ တစ်လ ၃၀၀၀ ကျပ် ရနေမှာဖြစ်ပါသည်။
သင်္ဘောသားဘ၀မှာ နောက်ဆုံး သင်္ဘောပေါ်မှ AB တက်မကိုင်ဖြစ်ခဲ့ရာ တလလျှင် ဒေါ်လာ ၃၀၀ ခန့် စုနိုင်ခဲ့ပါသည်။ ယခု အမေရိကန် နိုင်ငံသို့ေ၇ာက်လျှင်မူ တလဒေါ်လာ ၄၀၀ မှ ၅၀၀ ကြား အသားတင် စုဆောင်းမိမည် ခန့်မှန်းခဲ့ရာ - မသွားခင်ကတည်းက ပျော်နေမိပါသည်။ ကိုယ်က သင်္ဘောမှာ အရာရှိဖြစ်ဖို့ ကံပါလာပုံ မရပါ။ ဘာလို့ဆို ၁၉၇၇ ခုနှစ်ခန့်က ဖခင်ဖြစ်သူ လေကြောင်းဦးစီးဌာန၊ ညွန်ကြားရေးမှုးချုပ်အဆင့် ပင်စင်ယူခဲ့ရာ - မိသားစုဝင်ငွေရရှိရန်အတွက် ကျွန်တော်ရော - အစ်ကိုပါ သင်္ဘောလိုက်ရန် စဉ်းစားမိခဲ့ကြသည်။ အလုပ်သင်အရာရှိအဖြစ် နိုင်ငံခြားကုမဏ္ဍီများ၏ အလုပ်ခန့်စာ ရနိုင်ရန် - လျှောက်လွှာတွေရိုက်၊ ဓါတ်ပုံတွေရိုက်၊ ကိုယ်ရေးရာဇ၀င်ရေးပြီး ရေကြောင်းဦးစီဌာန ညွန်ကြားရေးမှုးချုပ် ဦးမောင်မောင်လေး ရုံးခန်းသို့ သွားရင်း ရေကြောင်းညွန်ချုပ်၏ ထောင်ခံစာ ရယူခဲ့ကြသည်။
၆လခန့် လျှောက်လွှာတွေကို သင်္ဘောကုမဏ္ဍီ အနဲဆုံး ၃၀ကျော်ခန့်သို့ ပေးပို့ခဲ့ရာ ကုမဏ္ဍီ ၃ခုလောက်မှပဲ - စဉ်းစားမည် ပြန်စာပို့ပေးခဲ့ပါသည်။
ဖခင်မှာ အနားယူပြီးဖြစ်ရာ - ဘယ်လူကြီးကမျှ ဘာမျှမရပဲ လုပ်ပေးချင်ပုံမရ - ဖခင်၏ရေတပ်မှ အသိ - ဦးကျော်သိန်းလွင်တို့လဲ အားမကိုးခဲ့ရပါ။
ဘာပဲဖြစ်ဖြစ် - အခြားလူကြီးတော်တော်များများ၏ သားများမှာမူ Cadet တွေ ဖြစ်သွားကြပါသည်။
ရေဒီယိုအရာရှိသင်တန်းတက် - စာမေးပွဲဖြေတော့ receiving ခေါ် ကြေးနန်းလက်ခံရသည့် စာမေးပွဲ၌ လက်ရေးဆင်တူဖြစ်သည့် ဂျေ နှင့် ၀ိုင် အမှား ၅ခုပဲ ပါခဲ့ရာ၊ တကယ်က နှစ်လုံးထက် ပိုမမှားနိုင်သော်လည်း လက်ရေးသော့သဖြင့် ဂျေ လိုလို၊ ၀ိုင်လိုလို အမှား၅လုံး ပါ၍ ၄လုံးထဲပေးသည့် စာမေးပွဲ၌ မအောင်မြင်သဖြင့် ရေဒီယိုအရာရှိလဲ ဖြစ်မလာပါ။
မိန်းမရချိန် ထောက်ပံ့ရေးအရာရှိအဖြစ် လျှောက်လွှာများ ပို့ပေးခဲ့ရာ၊ ကြယ်ငါးပွင့်သင်္ဘောကုမဏ္ဍီ၌ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် အန်ကယ်ပယ်ရီအေးချိုမှ အထူးကူညီသည်။
ထောက်ခံစာ ရေးပေးခဲ့သလို ၊ သူနှင့်သိသည့် ကုမဏ္ဍီလိပ်စာများ (၃ခုထင်သည်) ထုတ်ပေးရင်း - ကူညီခဲ့ရာ ၁၉၈၁ခုနှစ်ဆန်းတွင် ဟောင်ကောင်သင်္ဘောကုမဏ္ဍီတခုမှ Supply Officer သင်္ဘောဆင်းတော့မှာမို့ လာနိုင်မလား သံကြိုးပို့ပါသည်။ အန်ကယ်ပယ်ရီအေးချို မှာ လေ-၁၀၂၃ ၊ ဖေဖေက လေ-၁၀၂၄ အထူးခင်မင်ရာ - ဖေဖေ့ထံ ဖုန်းဆက်ပြီး
"ဖိုးအောင် သား အိုကေပြီကွ" . တဲ့
ဒါပေမဲ့ အဲဒီအချိန်မှာ SECD သင်္ဘောသားရုံးမှာ မှတ်ပုံတင်ထားသော်လည်း - ခုလို အလုပ်ခန့်စာ ရသော်လည်း လက်ထဲမှာ ပတ်စပို့မရှိပါ။ သူတို့ လုပ်စဉ်အရ - အလုပ်ခန့်စာရမှ ပတ်စပို့ပေးလျှောက်သည်ဆိုရာ - ခုလို ပတ်စပို့ လျှောက်ရတာကလဲ အနည်းဆုံး ၂လ ကြာလို၊ ယခု ဟောင်ကောင်ကုမဏ္ဍီမှ တပတ်အကြာ လာခဲ့ရန် ညွန်ကြားထားရာ ကျွန်တော် ဘယ်လိုလုပ်ရမည်နည်း !
လက်ထဲမှာ ပတ်စပို့မရှိခဲ့၍ ထိုအခွင့်အရေးဆုံးရှုံး သွားခဲ့ရပါသည်။ ယောက္ခမအိမ်မှာ ဆက်နေရင်း ပတ်စပို့ လက်ထဲရောက်နေရန်ရော၊ စီဒီစီ ခေါ် လုပ်သက်မှတ်တမ်း စာအုပ်ရနိုင်ရန်ရော၊ ထောက်ပံ့ရေးအရာရှိမှ စားဖိုမှုးတာဝန်အဖြင့် လိုက်နိုင်ရန် စီစဉ်ပြီးမှ သင်္ဘောတက်ရန် ကြိုးစားခဲ့ရပြန်သည်။
ယခု အမေရိကန်နိုင်ငံသို့ သွားနိုင်ရန် လက်ထဲမှာ ဗီဇာလဲ ရထားပြီ၊ လေယာဉ်လက်မှတ်လည်း ရထားပြီ - ဘာလိုသေးတုန်း -
စက်တင်ဘာ ၅ရက် နံနံက် ၁၁နာရီ သာသာမှာ ဒေါ်ကြီး ဒေါ်တင်တင်အေးထံမှ ဖုန်းလာပါသည်။
"သား .. ငွေစက္ကူတွေ သိမ်းတယ်တဲ့ - ရေဒီယိုဖွင့်ကြည့် - ၇၅ကျပ်၊ ၃၅ကျပ် နဲ့ ၂၅ကျပ်တန်တွေတဲ့ - ဒီမှာ ဒေါ်မြင့်မြင့်သိန်းတို့လည်း ရောက်နေကြတယ်"
ထိုနေ့ နံနက် ၁၁နာရီ သတင်းတွင် ငွေစက္ကူ ၇၅ကျပ်တန်၊ ၃၅ကျပ်တန် နှင့် ၂၅ကျပ်တန်တွေ တရားမ၀င်တော့ကြောင်း ကျေငြာသည်။ ထိုအချိန်တွင် နိုင်ငံတော် ဒုတိယ၀န်ကြီးချုပ် သူရ ဦးထွန်းတင်နှင့် ဇနီး ဒေါ်မြင့်မြင့်သိန်းတို့ ဒေါ်ကြီးဒေါ်တင်တင်အေး အိမ် ရောက်နေကြသည်။ ထို ၇၉ - ဈေးကြီးလမ်းအိမ်၊ ကြည့်မြင်တိုင် ညဈေးအနီး - အောက်ထပ်တွင် ယာဉ်မောင်ရဲဘော်မှ နံနက်၁၁နာရီ သတင်းနားထောင်ခဲ့ရာ ရေဒီယိုထဲမှာ ငွေစက္ကူတွေ သိမ်းတာ ကြေငြာတာ ကြားရ၍ အိမ်ပေါ်ထပ်သို့ အမြန်ပြေးတက်လာသည်။
"ဗိုလ်မှုးကြီး - ရေဒီယိုထဲမှ ငွေစက္ကူ ၇၅ကျပ်၊ ၃၅ကျပ် နဲ့ ၂၅ကျပ်တန်တွေ သိမ်းတာ ကြေငြာနေပါတယ်" ပြောလာရာ သူရဦးထွန်းတင်မှ အံ့အားသင့်စွာဖြင့်
" ဟ - ငါ - ဒုဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး၊ ငါတောင်မသိရဘူး"
သူတို့အားလုံး အံ့အားသင့်ကုန်ကြောင်း၊
အမှန်မှာတော့ ထိုနေ့ နံနက်က ဦးနေ၀င်းနေထိုင်ရာ အေဒီလမ်းသို့ နိုင်ငံတော်ကောင်စီဝင်အချို့နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်နေသူ ဗိုလ်ချုပ်မင်းဂေါင်ရော - ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးပါ (ဦးခင်မောင်ဌေး ထင်ပါသည်) ရောက်နေကြကြောင်း၊ ၁၀နာရီသာသာတွင် ဦးနေ၀င် ထွက်လာရင်း
"၇၅ကျပ်တန်၊ ၃၅ကျပ်တန် နဲ့ ၂၅ကျပ်တန်တွေ သိမ်းဖို့ရှိနေတာပြောပြရင်း ကန့်ကွက်သူမရှိ သိလို၍ ဆန္ဒမဲပေးရန် ပြောရင်း ပြန်ဝင်သွားကြောင်း"
၁၀နာရီခွဲခန့် ပြန်ထွက်လာရင်း - ကန့်ကွက်မဲ ၁ခုတွေ့ရသဖြင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင်ကို ခေါ်လာရင်း၊ " မင်း - ဘာလုပ်ရမယ်ဆိုတာ သိတယ်မဟုတ်လား" မေးခဲ့ကြောင်း၊ (မည်သူ၏ လက်ဗွေလဲ စစ်ခိုင်းတာဖြစ်ကြောင်း - ထိုကန့်ကွက်မဲမှာ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှုးကြီးတင်အေး လက်ဗွေဖြစ်တာ နောင်သိရကြောင်း)
ခဏအကြာ ၁၀နာရီ မိနစ်၄၀ခန့်၌ ပြည်ထဲရေးဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးတို့ကို ၁၁နာရီ သတင်းမှာ ကြေငြာရမှာတွေ ပြောရင်း အသံလွှင့်ရုံသို့ အချိန်ကိုက် စေလွှတ်လိုက်ကြောင်း၊ ၀န်ကြီး၂ပါး အသံလွှင့်ရုံရောက် - သတင်းလွှင့်ခန်းဝင် - ကြေငြာချိန်နှင့် ကွက်တိဖြစ်နေကြောင်း ..
တို့ကို ဗိုလ်ချုပ်မင်းဂေါင်၏သား - ဘိုဘိုဦးမှ အမေရိကန်နိုင်ငံသို့ လာလည်ချိန် ၂၀၀၀ ခု အောက်တိုဘာလကုန်၌ ပြောပြခဲ့ပါသည်။ ဒါဆို ဘာလို့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေ သူရဦးထွန်းတင် အပါအ၀င် မတိုင်ပင်သလဲ ...
ကျွန်တော်သိရသလောက်မှာ - အစောပိုင်းက ရေးထားသလို ၁၉၈၀ ရွေးကောက်ပွဲ၌ သမ္မတကြီး ရော်နယ်ရီဂင် အရွေးခံခဲ့ရရာ စစ်အေးတိုက်ပွဲကြီး ပြီးဆုံးအောင်မြင်ရေးနှင့် နိုင်ငံတကာရှိ ကွန်မြူနစ်နိုင်ငံများ ဆိုရှယ်လစ်နိုင်ငံများ၊ စစ်အာဏာရှင်နိုင်ငံများကို အတတ်နိုင်ဆု့း ဒီမိုကရေစီနိုင်ငံများအဖြစ် ပြောင်းလဲနိုင်ရေးအတွက် ဖန်တီး၊ စီမံမှုများကို ထိုနိုင်ငံတိုင်း၌ လုပ်ဆောင်ခဲ့ရာ အများသိရှိပြီးသည့်အတိုင်း ရူမေးနီးယား၊ ဂျာမဏီ၊ ဖိလစ်ပိုင်၊ ရုရှား နှင့် နိုင်ငံများစွာ ၁၉၉၀ထိတိုင်အောင် ပြောင်းကုန်ကြရာ အမေရိကန်အစိုးရပိုင်းနှင့် နီးစပ်သော ဦးလေးမောင်မှတဆင့် လက်ရှိ တပါတီ မ.ဆ.လ - ဆိုရှယ်လစ်လမ်းစဉ်ကို ပယ်ဖျက်နိုင်ရေးမှာ လူထုမှ မ.ဆ.လ အစိုးရနဲ့ ပါတီကို တပြည်လုံးမှ ဆန့်ကျင်လာပါမှသာ ဖြစ်နိုင်သဖြင့် - ၁၉၈၅ခုနှစ်တွင် ရာတန်ငွေစက္ကူများကို တရားမ၀င် စကြေငြာခြ့ပါသည်။
သို့တစေ - သတင်းပေါက်ကြားမှုအချို့ နှင့်အတူ ရာတန်ငွေစက္ကူများကို ငွေကြေးချမ်းသာသူများသာ ကိုင်နိုင်သဖြင့် - ထိုငွေစက္ကူ၊ ရာတန် - တရားမ၀င် စီစဉ်ခဲ့မှုမှာ မထိရောက်ခဲ့ပါ။
တကမ္ဘာလုံးတွင် စစ်အေးတိုက်ပွဲ ရပ်နိုင်ရေး ကြိုးစားခဲ့သလို မြန်မာနိုင်ငံတွင်လည်း ပြောင်းလဲနိုင်ရန် - စီစဉ်မှု ပြုခဲ့သော်လည်း ထို ၁၉၈၅ခုနှစ်တွင် မအောင်မြင်ခဲ့သဖြင့် ပိုမိုထိရောက်နိုင်ရန် ယခု ၁၉၈၇ခုနှစ် စက်တင်ဘာလ ၅ရက်နေ့၊ စနေနေ့ နံနက်တွင် မ.ဆ.လ အစိုးရမှ အဖွဲ့ဝင် လူကြီးများ တော်တော်များများ မသိခဲ့ရပဲ၊ ဦးနေ၀င်းမှ ၇၅ကျပ်တန်၊ ၃၅ကျပ်တန် နှင့် ၂၅ကျပ်တန်များ တမင် သိမ်းခိုင်းခဲ့ပါသည်။
ထိုငွေစက္ကူများ ရုတ်တရက် တရားမ၀င်ကြေငြာခဲ့သဖြင့် မြန်မာတပြည်လုံး - လူတိုင်းလိုလို ငွေဆုံးရှုံးကြရာ - ထို မ.ဆ.လ အစိုးရကို မကြေမနပ် စဖြစ်လာရင်း - နောက်ပိုင်း ဘာတွေဆက်ဖြစ်ခဲ့တာ အများအသိပါပဲ ..။
ထိုကိစ္စကြီးမှ တဆင့် ဆူပူမှုများစွာ ဆက်ဖြစ်လာရင်း ၈၈၈၈ အရေးအခင်းကြီးထိ ကြီးကျယ်သွားတာ တွေ့နိုင်ပါသည်။
ထိုနေ့က ကျွန်တော်တို့မှာ ရှိတဲ့ ၇၅ကျပ်တန်၊ ၃၅ကျပ်တန် နှင့် ၂၅ကျပ်တန် - စုစုပေါင်း ၂၅၀၀ ကျော် သုံးမရတော့ပါ။ ယောက္ခမဖြစ်သူ ဦးသာဒိုးလဲ စုထားငွေ ၃၀၀၀ ခန့် ထိသွားသည်။
ထိုနေ့လည်ပိုင်းတွင် အကျဉ်းဦးစီးဌာန ဌာနရုံးချုပ်မှ ဖုန်းခေါ်လာပါသည်။
" ဗိုလ်မှုးကြီးကို ရုံးချုပ်လာဖို့ ပြောပါသည်"
ထိုအချိန်၌ ယောက္ခမဖြစ်သူ ဦးသာဒိုးမှာ Burman Golf Club ၌ ဆရာဝန်ကြီး ဒေါက်တာဖေသန်းမြင့် - တိုမိုရှစ်ပင်းကုမဏ္ဍီမှ ကိုမြင့်ဇော် တို့နှင့် အတူ ဂေါက်သီးကစားနေရာ - သူဝတ်ဆင်သည့် အကျဉ်းဥိးစီးဌာန - ဒုညွန်ကြားရေးမှုချုပ် - ငွေရောင်ဗိုလ်မှုးချုပ်တံဆိပ် - ၀တ်စုံကို ယူရင်း၊ ကျွန်တော်လဲ သူစီးသည့် Path Finder မာဇဒါ ဂျစ်ကားပြာ အရှည်ကြီး မောင်းလာရင်း ကျွန်တော်လည်း သူစီးသည့် Path Finder မာဇတာကားပြာ အရှည်ကြီး မောင်းရင်း Burman Golf Club သို့ မောင်းသွားရပါသည်။
အမှန်မှာတော့ ထိုနေ့ညနေတွင် ယောက္ခမအား သွားကြိုရင်း ဂေါက်သီးကစားဖေါ် ကိုမျိုးဒန် - တေဇ တို့နဲ့ အတူ - နှုတ်ဆက်ပွဲလုပ်ရန် စဉ်းစားထားသော်လည်း - ငွေစက္ကူကိစ္စ ဖြစ်လာ၍ ပွဲပျက်သွားရပါသည်။
Burman Golf Club ရောက်တော့ ညနေ ၃နာရီ ကျော်နေပြီ၊ Club ထဲမှာ လူတွေရုတ်ရုတ်သဲသဲပါပဲ။ မျိုးဒန်နဲ့ တေဇ တို့ကို လိုက်ရှာရာ - ကွင်းထဲမှာလား၊ ပြန်သွားသလား ဘယ်သူမျှ မပြောနိုင်။
တေဇက ကျွန်တော့ထက် ၇နှစ်ငယ်သည်။
ကျွန်တော်ရဲ့ အချစ်ဆုံးသူငယ်ချင်း ညွန့်ဦးရဲ့ ညီငယ် - မိုးဦးနဲ့ သူနဲ့က အချစ်ဆုံးသူငယ်ချင်းတွေ -
ထိုစဉ်မှစ ယနေ့အထိ မျိုးဒန်နဲ့ရော တေဇနဲ့ပါ ကျွန်တော်ပြန်မတွေ့တော့ပါ။ တေဇကတော့ အလုပ်လုပ်တော့ သူလည်း ငွေဆုံးရှုံးသွားမှာပါပဲ။
ယောက္ခမကိုတွေ့တော့ ရုံးချုပ်မှ ဖုံးခေါ်တာ ပြောပြရင်း သူ့ယူနီဖေါင်းပါလာတာ ပြောပြပါသည်။ သူလည်း အ၀တ်လဲခန်းသို့ ထွက်သွားပါသည်။
သူနဲ့အတူ အင်းစိန်ထောင် - ညွန်ကြားရေးမှုးချုပ်ရုံး ရောက်ကြတော့ ၄နာရီထိုးပြီးပြီ။ ပါပါမှ မင်း - ပြန်တော့ ဆိုခဲ့သော်လည်း ကျွန်တော်မပြန်ပါ။
အင်းစိန်ထောင်သို့ ကားမောင်းသွားစဉ် ခုလိုဘာကြောင့်ဖြစ်ခဲ့ရတာ - ဘာဆိုဘာမှ မသိရသေးတဲ့ ကျွန်တော်မှ ငွေစက္ကူတွေ ဘာဖြစ်လို့ သိမ်းရတာလဲ ဟု မေးရာ၊ သူလဲ မကြေမနပ်နှင့် "သောက်ရူးထတာ" .. တဲ့။
နောက်နေ့သည် စက်တင်ဘာ ၆ရက်နေ့ - တနင်္ဂနွေနေ့
တပ်မတော်ဂေါက်ကွင်းမျာ အမြဲလို ကစားနေကျ သူနှင့် ပြည်တဲရေးဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင်က တတွဲ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ပတ်စပို့လက်မှတ်ထိုး ထုတ်ပေးသူ ဦးစိုးမြင့်က တတွဲ၊ ဂေါက်သီးကစားခဲ့ကြပါသည်။
ဗိုလ်ချုပ်ကြီးစောမောင်က ဗိုလ်သင်တန်းအပတ်စဉ်၆၊ ဗိုလ်ချုပ်မင်းဂေါင်က အပတ်စဉ် ၇ - ပါပါ ဦးသာဒိုးက အပတ်စဉ် ၈၊ ဗိုလ်ချုပ်သန်းရွှေက အပတ်စဉ် ၉ -
ညနေပိုင်း တပ်မတော် ဂေါက်ကွင်းသို့ သွားကြိုချိန် ရိပ်သာထဲ စားသောက်နေကြသည့် ယောက္ခမအနားသွားရောက်နေကြောင်း မျက်နှာသွားပြရာ ပါပါ ဦးသာဒိုးမှ ခေါင်းညိတ်ပြလိုက်ပါသည်။
ကျွန်တော်ပြန်လှည့်ထွက်လာချိန် စားပွဲမှာ ထိုင်နေသူ - ဗိုလ်ချုပ်ကြီးစောမောင်မှ " ဗိုလ်သာဒိုး ဘယ်သူလဲ " ဟု မေးနေသံကြားရပြီး ပါပါမှ
" ကျွန်တော်သားမက် အကြီးပါ၊ လေတပ်က ဗိုလ်မှုးကြီးအောင်ညွန့်သားပါ" ပြန်ပြောခဲ့ရ
ဗိုလ်ချုပ်ကြီးစောမောင်မှ "စီနီယာကြီး" .. တဲ့။
ပါပါ နဲ့အတူ အိမ်ပြန်ရောက်တော့ ည ၉နာရီထိုးနေပြီ၊
သူ ထမင်းစားပွဲမှာ ထိုင်တော့ ကျွန်တော်လည်း လိုက်ထိုင်ပါသည်။
ငွေစက္ကူသိမ်းတာတွေနဲ့ ပတ်သက်ပြီး - လူကြီးတွေ ဘယ်လိုခံစားရတာ သိချင်နေသည်။ သူငွေ၃၀၀၀ကျပ် ဆုံးရှုံးသွားတာ (လခ ၂လခ) စိတ်မကောင်းပါ။ တလမှလစာ ကျပ်၁၅၀၀ပဲရရာ - လဘ်လဲမစား၊ ခုခေတ်လို ပွပေါက်လဲ မရှိချိန် (ထောင်မင်းကြီးမို့ စခန်းစုံမှ တပည့်တွေ လာကန်တော့တော့တဲ့ စားစရာမျိုးစုံ ပေါများပေမဲ့) မရှိမဲ့ ရှိမဲ့ ငွေလေး ၃၀၀၀ ပါသွားတာကို ကြေနပ်ပုံမရ၊
ကျွန်တော်က မနက်ဖြန် - အမေရိကား သွားတော့မှာမို့ ရောက်တတ်ရာရာ ပြောနေရင်းမှ
" ဗိုလ်ချုပ်စောမောင်နဲ့ ဗိုလ်ချုပ်မင်းဂေါင်းတို့ရော ထိသွားသလဲ ပါပါ" မေးမိရာ - ဗိုလ်ချုပ်စောမောင်လဲ ငွေ ၃၀၀၀ လောက်ထိသွာတယ်တဲ့။
"သူ - ဘာပြောသေးသလဲ ပါပါ" မေးမိတော့
ပါပါမှ ကျွန်တော်ကိုကြည့်ရင်း
" ခေါင်က စဖြုတ်လိုက်" လို့ ပြောနေတယ်
ဗိုလ်ချုပ်ကြီးစောမောင်လဲ ဦးနေ၀င်းကို မေတ္တာပို့နေသည်။ သို့သော် - ထိုအချိန်ထိ ဗိုလ်ချုပ်မင်းဂေါင်းမှ ဗိုလ်ချုပ်စောမောင်ကို မနေ့က သူတို့ကို ခေါ်လာရင်း တမင်းစီစဉ်တာတွေ ပြောပြပုံမရသေးပါ။ ကျွန်တော်တည်း ၂၀၀၀ခုနှစ် ညီညီဦး အမေရိကားလာစဉ် ပြောပြမှသာ သိခဲ့ရပြီး ချင့်ချိန်စဉ်းစားပြီးမှ ယခုလိုရေးသားရသည်ကိုး၊
ဤသမိုင်းဖြစ်ရပ်မှန်ကိစ္စများကို မြန်မာတိုင်းသိသင့်သည် ထင်ပါသည်။ သို့မှသာ ဘာကြောင့် ၁၉၈၅ နှင့် ၁၉၈၇ တို့၌ ငွေစက္ကူတွေ သိမ်းခြင်းမှာ ပါပါပြောသလို ဦးနေ၀င်းသောက်ရူးထခြင်း ဟုတ်မဟုတ်၊ ဘာကြောင့် ခုလိုဖြစ်ခဲ့ရတာ လူအများသိနိုင်ပါမည်။
ထိုငွေစက္ကူသိမ်းမှုကြီးသည် မြန်မာပြည်တွင် အပြောင်းအလဲကြီးများ ဖြစ်လာရန် အဓိကဖြစ်ခဲ့သည်မှာ မည်သူမျှ ငြင်းမရနိုင်ပါ။
ဒီလိုနဲ့ စက်တင်ဘာ ၇ ရက်နေ့ ၁၉၈၇ နံနက်မှာ ကျွန်တော် အမေရိကားလာဖို့ ကျွန်တော်နေထိုင်ရာ အမှတ် ၉၉ - နန္ဒ၀န်လမ်း ၊ ဗဟန်းမြို့နယ် - အိမ်မှ ထွက်လာခဲ့ပါသည်။
လေတပ်စစ်ဦးစီး ဗိုလ်မှုးကြီးသိန်းဝင်း၏ ဇနီးသည် အန်တီသန်းရော၊ မရီး အန်တီဆင့် ပါ လေဆိပ်သို့ လိုက်ပါပို့ဆောင်ကြပါသည်။ ကျွန်တော်နဲ့အတူတူ ကိုမင်းဟန်၊ မမရီရီဌေး တို့ရဲ့ မိဘ အန်ကယ်နဲ့ ၊ အန်တီ အတူတူသွားဖြစ်ကြပါသည်။
ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်သို့ ၆ခါမြောက် ရောက်ရပြီး၊ လေဆိပ်ဟိုတယ်မှာပဲ ညအိပ်ကြပါသည်။ ငယ်စဉ်က ဖခင်သံမှုးအဖြစ် ဂျပန်နိုင်ငံသို့ သွားချိန်မှာရော - သင်္ဘော၂ခေါက်လိုက်ခဲ့စဉ် အ၀င်အထွက် ၂ခါစီ၊ ၄ခါနှင့် ယခုအခါနှင့်ပါ ၆ခါရှိပါပြီ။ ဘန်ကောက်မြို့တွင်းသို့ တခါမှ မရောက်ဖူးပဲ၊ လေဆိပ်မှပဲ ပြန်ထွက်၊ တိုင်ဝမ်မှာ ခေတ္တရပ်နားပြီး အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်မြို့ LAX လေဆိပ်သို့ စက်တင်ဘာလ ၈ ရက်နေ့ တကယ်ရောက်လာရပါပြီ။
ထိုမှ ၂မိသားစု - လူ ၁၂ဦးဖြစ်နေမှာမို့ သြဂုတ်လကုန်က မမိမိခင်မှ 3412 Rachel Ave West Covina City အိမ်ကို စရံငွေ (မောင်နှမတွေ ၀ိုင်းစု) ၀ယ်ထားကြောင်း.. ထိုအိမ်မှာ အိပ်ခန်း ၄ခန်းပါသဖြင့်၊ မမိမိခင်တခန်း၊ ကိုခင်မော်နှင့်ညီမ တခန်း၊ ကျွန်တော်က တခန်း၊ ကိုစံသာမှ တခန်း နေခဲ့ကြပါသည်။
၁၉၈၈ခု သြဂုတ်လကုန်ပိုင်း ဦးကျော်ငြိမ်း၏ သားကိုတွတ် လာလည်ရာမှ မထင်ထားသော ကိစ္စများကြောင့် ၂ပါတီ ထိပ်သီးကြီး ၂ဦး ရန်ဖြစ်ရာမှ ပြည်တွင်းစစ်ကြီးစဖြစ်ခဲ့ရတာ တကယ်ဟုတ်နေလို့ ဤစာအုပ်မှာ မိမိသိထားသမျှ ရေးဖို့ ဖြစ်လာပြီး သမိုင်းမှန်ကို အဖြေရှာနိုင်ပြီး ဖြစ်ပါသည်။
သို့သော် ထိုစဉ်က ကျွန်တော်၏နိုင်ငံရေး ပါဝင်မှုမှာ သူငယ်တန်းအဆင့်ပဲ ရှိနေလို့မို့ - နိုင်ငံရေးသမား၏သား - ပြောဆိုခဲ့ရာတွင် နားထောင်နေရုံမှ တပါး အခြားမရှိခဲ့ပါ။
ယနေ့ ကာလတွင်မူ မြန်မာပြည် ဖြစ်ပျက်ခဲ့သမျှ ပြန်လည်သုံးသပ်နိုင်ပြီမို့ - သူပြောသလိုပါပဲ..
မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့ရတာ ဦးကျော်ငြိမ်းကြောင့်ပဲ ဖြစ်ပါသည်ချင်ဗျား...။
အခန်း(၂) ပြီး၏
No comments:
Post a Comment