Saturday, 18 June 2011

အမေရိကန်ဗီဇာရရှိပြီး နှုတ်ဆက်ရသူများ

   ကျွန်တော် အမေရိကားသွားမှာ ပြောပြတော့ မိသားစုအတွက် စိတ်မပူဖို့ ပြောရှာသည်။ တကယ်လည်း သူတို့မိသားစုမှ ကူပါသည်။ ဖေဖေမရှိတော့တဲ့ မေမေရော၊ ဒေါ်ကြီးတို့ရော အန်ကယ်သိန်းဝင်းမိသားစုမှ အမြဲကူညီပါသည်။
   အန်ကယ်သိန်းဝင်းရဲ့ ဇနီး အန်တီသန်းသန်းမှာ ဆရာမတစ်ဦးဖြစ်ပြီး အင်မတန် အေးဆေး၊သိမ်မွေ့သည်။ အခုတော့ အန်တီသန်းသန်း မရှိရှာတော့ပါ။ ဆုံးရှာပါပြီ၊
   ကျွန်တော် အမေရိကားလာဖို့ လေဆိပ်ဆင်းတော့ မရီးဖြစ်သူ အန်တီဆင့်ရော၊ အန်တီသန်းသန်းပါ ကျွန်တော်တို့ မိသားစု လေဆိပ်ထဲ ၀င်ရေးမှအစ - ကူညီပြီး လိုက်ပို့ပေးခဲ့ပါသည်။
   ဒေါ်ထွေး အသုဘ ကိစ္စဖြစ်နေ၍ အမေရိကားလာဖို့ တစ်ပတ် နောက်ကျသွားခဲ့ပါသည်။

   အဲဒီမှာ မြန်မာပြည်ရဲ့ တကယ့်ပြဿနာကြီး စဖြစ်တဲ့ စက်တင်ဘာ ၈၇ ငွေစက္ကူသိမ်းမှုကြီးကို အနီးကပ်ကြုံခဲ့ရသည်။ ၇၅ကျပ်၊ ၃၅ကျပ်၊ ၂၅ကျပ် ငွေစက္ကူသိမ်းမှု ကိစ္စဖြစ်ပါသည်။ စောစောက ဗီဇာရရှိရေးကိစ္စ ပြန်ရေးရပါလျှင် ကျွန်တော့ဇနီး ခိုင်နဲ့ ညီအစ်မတွေလို နေနေတဲ့ မမနီ နဲ့ ညီမ အဲန်း (ရီရီစန်း) တို့ အိမ်လာလည်တော့ ကျွန်တော်အမေရိကားသွားဖို့ စီစဉ်နေတာ ပြောခဲ့သည်။
   အဲဒီမှာ ဗီဇာရမလား မေးတော့ ရှေ့အပါတ်ထဲမှာဆိုတော့ အဲန်းရဲ့ သူငယ်ချင်း ခင်ခင်ထွန်းမှ သူ့အစ်ကို ကိုခင်ဇော် နဲ့ ကောင်စစ်ဝန် Mr. Steven စတီဗင်ဟော်ရီဂင် က သိပ်ခင်ကြတယ် ပြောပြခဲ့ပါသည်။
   အဲဒါနဲ့ ကိုခင်ဇော်ကို အကူအညီတောင်းတော့ ကောင်စစ်ဝန်အိမ်သို့ တညနေ လိုက်ပို့ပါသည်။  အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းအနီးရှိ အမေရိကန်ကောင်စစ်ဝန်အိမ်သို့ သွားခဲ့ကြရာ ကောင်စစ်ဝန် မစ္စတာစတီဗင်ဟော်ရီဂင်ကို မတွေ့ခဲ့ရပါ။ သူအပြင်သွားနေ၍ ဇနီးဖြစ်သူ ထိုင်းနိုင်ငံသူပဲ တွေ့ခဲ့ရပါသည်။
   မည်သို့ပင်ဖြစ်စေ ထို ကိုခင်ဇော်၏ ကူညီမှုသည် ကျွန်တော်တစ်ဦးတည်းအတွက်သာ မဟုတ်ပဲ - နောင် တွင် အမေရိကန်နိုင်ငံတွင် မြန်မာလူမျိုးများစွာ တရားဝင်အခြေချနေထိုင်နိုင်ရေး များစွာကူညီခဲ့တာ ဤစာအုပ်ဖတ်ပြီးချိန်တွင် တွေ့ရပါမည်။

   ဒီလိုနဲ - ဗီဇာရက်ချိန်း မရမီ နိုင်ငံကူးလက်မှတ် Passport ထုတ်ရသည်။ ဗီဇာရက်ချိန်းနေ့တွင် အမေရိကန်နိုင်ငံ ကောင်စစ်ဝန်နှင့် သွားတွေ့ရသည်။ သြဂုတ်လ ၂၅ရက်နေ့ ဖြစ်ပါသည်။  ထိုနေ့တွင် နာမည်ကြီး စတီဗင်ဟော်ရီဂင်ကို စတွေ့ရသည်။ သူ့ရှေ့ထိုင်ခုံမှာ ၀င်ထိုင်ပြီးချိန် ကျွန်တော့ပတ်စပို့အား သေသေချာချာ ဟိုလှန်၊ သည်လှန် လုပ်နေရင်းမှ ..
  "မင်း - အမေရိကာ အရင်က ရောက်ဖူးတယ် .. နော် .."  တဲ့
  "ဟုတ်ကဲ့"
   "ဘာဖြစ်လို့ ဆင်းမနေခဲ့သလဲ ." .. တဲ့
  ပတ်စပို့ထဲမှာ အမေရိကန် ဆိပ်ကမ်းမြို့တွေရဲ့ Show Pass တွေ ဗီဇာတုံးတွေ ရိုက်ထားတာ သူတွေ့ပါလိမ့်မည်။
  ကျွန်တော်မှ "Why I need to jump out?  ငါ .. ဘာဖြစ်လို့ ဆင်းနေခဲ့ရမှာလဲ.."
  ငါ ဒီမှာ သူဌေးလိုနေနိုင်တယ်။ အပတ်စဉ် ဂေါက်သီး ၃ကြိမ် ကစားတယ်။ အလုပ်လုပ်စရာမလိုဘူး၊ ချမ်းသာတယ်။ ဟိုမှာ ဘယ်လိုနေရမှလဲ !   ဟု ပြန်ပြောခဲ့ရာ မစ္စတာစတီဗင်မှ ပြုံးပါသည်။
  " ဘာသွားလုပ်မှလဲ"  မေးလာတော့
  " ငါ့ညီမက လော့စ်အိန်ဂျယ်မှာနေတယ်။ ငါတို့ သင်္ဘောက East ဒေသမှာ။ ငါတို့ မတွေ့ရတာ ၃နှစ် ရှိရော့မယ်။ သွားလည် သွားတွေ့မလို့ပါ  "
   "ဘယ်လောက်ကြာမလဲ!"
   " တစ်လ သို့မဟုတ် နှစ်လ - One months or two months "
   မြန်မာဗုဒ္ဓဘာသာဝင် ဖြစ်ပါလျှက် - ကံငါးပါးမှာ တစ်ခုပါသည့် မုသာစကား ကျွန်တော်ဆိုမိပြီ။
   သူ့ကို ကျွန်တော်ရေးတဲ့ ပြည်တွင်းစစ်နဲ့လေကြောင်းအကူ စာအုပ်ပြတော့ - နောက်ကျောဖုံးက ကျွန်တော့ပုံကို ကြည့်ရင်း
   " Is this you? "   ဒါ ..မင်းလား  ... ဆိုရင်း ပြုံးပြန်ပါတယ်။

    ဒီနောက်မှာတော့ သူဘာမှ ထပ်မပြောတော့ပဲ ကျွန်တော့ပတ်စပို့ စာအုပ်တွင် ဗီဇာ၁နှစ် ရိုက်ပေးပါသည်။ သူ ကျွန်တော့ကို စေတနာထားတာ ကျေးဇူးတင်ပါသည်။ သူဗီဇာပေး၍ ကျွန်တော် အမေရိကန်နိုင်ငံ ရောက်ရှိခဲ့ရပြီးနောက် မြန်မာလူမျိုးများနှင့် အခြားသူများအကျိုး မည်မျှဆောင်ရွက်ပေးနိုင်ခဲ့သည်ကို ဤစာအုပ်ဖတ်ပြီးချိန်မှ သိကြရပါမည်။
    သို့သော် သူ၏ ထိုစေတနာသည် ကျွန်တော်ချစ်သော မြန်မာပြည်နှင့် ၂၃နှစ်ကျော် ခွဲခွာနေဖို့ ဖြစ်လာမှာကိုသာ ထိုစဉ်က ကျွန်တော် ကြိုသိခဲ့ရပါလျှင် ဗီဇာရဖို့ထက် အပယ်ခံရဖို့ပဲ ဆုတောင်းမိမလား မသိပါ။
    အန်တီ လူစီချောင်း နဲ့ အတွင်းရေးမှုးမများ မျက်လုံးပြူးသွားကြသည်။ ဗီဇာရရန် ခက်ခဲသော စတီဗင်ထံမှ ဗီဇာ ၆လသာ အများဆုံး ရတတ်ပါရက် - ယခု ကျွန်တော်ကျမှ ဗီဇာ တစ်နှစ်ကြီးများတောင် ရိုက်ပေးတာ ဘာကြောင့်လဲလို့ စဉ်းစားနေကြပါသည်။
   အမှန်မှာတော့ ကိုခင်ဇော် မျက်နှာရော၊ သူတို့အိမ်သွားခဲ့စဉ်က ယောက္ခမရဲ့ ကားကြီးနဲ့မို့ မျက်နှာပွင့်လန်းတာပဲ ဖြစ်ပါလိမ့်မည်။
   တခဏအကြာမှာတော့ စာရေးမမှ စတီဗင် အနားရောက်လာရင်း တခုခု ပြောသည်။ အဲဒီမှာ မစ္စတာ စတီဗင်မှ ကျွန်တော့ ပတ်စပို့သက်တမ်း တစ်နှစ်ပဲ ရှိနေ၍ ဗီဇာတစ်နှစ် ပေးလို့ မရကြောင်း၊ ၆လပဲ ပေးမည်။ ထပ်နေချင်ရင် ဟိုမှာသက်တမ်းတို့ဖို့ ပြောပါသည်။

   ကျွန်တော့ဘ၀တွင် မမေ့အပ်သော ပုဂ္ဂိုလ်များစွာ ရှိခဲ့ရာ၊ သူနှင့် ကိုခင်ဇော်လည်း ပါလာပါပြီ -။
   ကျွန်တော် သူ့ကို နှုတ်ဆက် ပြန်ခဲ့သည်။
   အမေရိကားသွားရဖို့ သေချာပြီ။   

    မစ္စတာစတီဗင် အမ်ဟော်ရီဂင်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ရာ " You're Welcome" ပါတဲ့။
    စိတ်ထဲမှာ ဘာလို့ ခုလို " You're Welcome "  ပြောပါလိမ့် စဉ်းစားမိခဲ့ပါသည်။
    သူပေးသော ပတ်စပို့စာအုပ် - လှမ်းယူရင်း ပတ်စပို့ထဲမှ ဗီဇာ ၆လ ရိုက်ထားတာ လှန်ကြည့်ပြီး နောက် - ပြန်ရန်ထိုင်ရာမှ ထပြီး ကျေးဇူးတင်ကြောင်း ထပ်ပြောခဲ့တော့ " You're Welcome , Good Luck"  တဲ့..။
    ထို Good Luck သည် အမေရိကန်နိုင်ငံအတွက်ရော..၊ နိုင်ငံတကာမှ အမေရိကားတွင် ရောက်ရှိရင်း ဗီဇာသက်တမ်းကျော်လွန်ကာ Overstay ဖြစ်နေကြသူ ၁၁ သန်းကျော်တို့အတွက်ပါ ဖြစ်လာပါသည်။
    ဗီဇာလဲ ရပြီ - သွားရမည့် နေ့လဲ သိရပြီ .။
    စက်တင်ဘာလ ၇ ရက် - ၁၉၈၇ ခုနှစ်ပါပဲ..။

   အိမ်ပြန်ရောက်တော့ မိသားစုအားလုံး ၀မ်းသာကြသည်။ သင်္ဘောသားဘ၀ထက် သာသော - ကမ္ဘာတွင် အကောင်းဆုံး တိုင်းပြည်သို့ အဆင်ပြေစွာ သွားရတော့မည့် ကျွန်တော့ကို ၀ိုင်း အထင်ကြီးနေကြသည်။ ဟိုရောက်တာနဲ့ ကျေးဇူးရှင် ဦးဇင်မော် ရှာပေးထားတဲ့ ဓါတ်ဆီဆိုင်မှာ Casher ငွေကိုင်စာရေး တန်းလုပ်ရမည်။ အနည်းဆုံး လစာ တလ ဒေါ်လာ ၈၀၀ ဆိုတော့ သွားလာစရိတ် နှုတ်အုန်း၊ တလ ဒေါ်လာ ၄၅၀ခန့် စုမိမည်။ တနှစ်ဆို ဒေါ်လာ ၅၀၀၀ ကျော်ပေါ့ -။
   သွားရဖို့က ၁၀ရက်လောက်ပဲ ကျန်တော့ - နှုတ်ဆက်ရမဲ့လူတွေကို လိုက်နှုတ်ဆက်ပါသည်။ ဘကြီး၊ ဦးလေးရင်းတွေလို နေလာခဲ့တဲ့ မဟေသီမဂ္ဂဇင်းမှ ဗိုလ်မှုးကြီးစောမြင့်၊ အန်တီတင်တင် တို့ထံ ဖုန်းဆက်ခဲ့တော့ အပြင်သွားနေသည်ဆို၍ ဖုန်းထဲမှာပဲ ပြောပြရင်း ထပ်ဖုန်းဆက်ကာ နှုတ်ဆက်ပါမည် ပြောမိပေမဲ့ မသွားဖြစ်ခဲ့တော့ပါ။ (ဘာလို့ဆို စက်တင်ဘာ ၅ရက်နေ့ ငွေစက္ကူပြဿနာ ပေါ်လာပြီး အလုပ်များသွား၍ ဖြစ်သည်။)
   ထိုညနေ ဒေါ်ကြီးအိမ် သွားခဲ့ပါသည်။ အရင်ခေါက်တွေ သွားခဲ့စဉ်က ဒေါ်ကြီး ဒေါ်တင်တင်အေးမှ ဦးနေ၀င်း၊ ဒေါ်ခင်မေသန်းတို့ရဲ့ သမီးကြီး မမသော်တာဝင်းနဲ့ မိတ်ဆက်ပေးခဲ့ပါသည်။
   " သား .. ဒါ .. မသော်တာဝင်း - စန္တာဝင်းရဲ့ အစ်မ - သော်တာရေ၊ ဒါ - သား၊ တူ - ဇာနီညွန့် - ကိုကို့-သား၊ စာရေးဆရာ ဇာနီမောင်၊ ဇာဏီညွန်အောင် - မဟေသီမှာ စာရေးတယ်။ သင်္ဘောသား - ခု အမေရိကားသွားဖို့ လုပ်နေတယ်"
   မမသော်တာဝင်းရဲ့ အသားတော်တော်လှသည်။ ရုပ်က နန်းဆန်သည်၊ အထက်တန်းလွှာပီပီ နေထိုင်တာ အထက်တန်းကျလှသည်။ ကျွန်တော့ ဒေါ်ကြီးမိတ်ဆက်ပေး၍ နှုတ်ဆက်ရပါသည်။
   " ကျွန်တော် - ကိုဖြိုး နဲ့ ခင်ပါတယ်"
   ဦးနေ၀င်း၏ သားတဦးဖြစ်သူ ကိုဖြိုးေ၀၀င်းနှင့် ကျွန်တော်ခင်မင်ခဲ့သည်။ ၁၉၇၄ ခုနှစ်ခန့်က သူငယ်ချင်းဖြစ်သူ ကိုအောင်ဘကြူး (ယခု - သံရုံးအကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီးဌာန - ကနေဒါနိုင်ငံ) ၏ ဖခင် ဦးဘကြူး ဆုံးတုံးက အသုဘသွားမေးရင်း အသုဘအိမ်မှာ တစ်ချပ်မှောက် ဖဲကစားခဲ့ရာ - ကိုဖြိုးေ၀၀င်းလည်း ပါပါသည်။ တညလုံး ဖဲအတူရိုက်ခဲ့သော်လည်း ဦးနေ၀င်း၏ သားဖြစ်မှန်း မသိခဲ့ပါ။
   နံနက်မိုးလင်းချိန် ၀ိုင်းသိမ်းမှ ကုလားကြီးက မိတ်ဆက်ပေးပါသည်။ (အောင်ဘကြူးကို ခင်မင်သူများက ကုလားကြီးပဲ ခေါ်ကြပါသည်။)  "  တူးကြီး၊  ဒါ .. ဖြိုးေ၀၀င်း.. သိတယ်မှုတ်လား"
   " ဟာ .. ကျွန်တော် နာမည်ကြားဖူးပါတယ် .."
   ကိုဖြိုးေ၀၀င်းကို ကျွန်တော်ရေးသောစာအုပ် လွယ်အိတ်ထဲမှ ထုတ်ပေးသည်။ မေတ္တာလက်ဆောင် -
   ထိုနေ့က ကျွန်တော် ငွေ၂၀၀ခန့် နိုင်ခဲ့ရာ၊ နံနက်၅နာရီလောက်မှာ ကိုဖြိုးေ၀၀င်းနဲ့ သူငယ်ချင်း ၃ - ၄ ဦးနဲ့ အတူ မြေနီကုန်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှိ ဗိုလ်ချုပ်အောင်ကြီး ရဲ့ လဘက်ရည်ဆိုင်ဝင်း - နံနက်စာ စားခဲ့ကြပါသည်။ ကျွန်တော်ပဲ ဒကာပေါ့။
   နောင် - ဘော်လုံး အတူကန်ခဲ့ကြသည်၊ အတော်ရင်းနှီးသိကြွမ်းခဲ့ပါသည်။
   မမသော်တာမှ ပြုံးပြီး ..
   " နောက်တွေ့လဲ ခေါ်နော် .. "  တဲ့-
   ကျွန်တော်လည်း အမေရိကားထွက်လာ - မမသော်တာဝင်းလဲ အင်္ဂလန်ရောက်နေသည် ကြားရပါသည်။
   နောက်နေ့ကျတော့ ကျွန်တော် အေဒီလမ်း သွားပါသည်။ ဒီလို ရေးလိုက်လို့ ထိုစဉ်က နံပါတ်ဝမ်း ဦးနေ၀င်းနှင့် သွားတွေ့သည် မထင်လိုက်ပါနှင့်။
   ဦးနေ၀င်းနေထိုင်ရာ အေဒီလမ်းထဲမှာ ရှိနေတဲ့ အန်ကယ် ဦးလေးမောင်ထံ သွားနှုတ်ဆက်ခြင်းသာ ဖြစ်ပါသည်။ အန်ကယ်ဦးလေးမောင်ရဲ့ သမီး ခင်နှင်းအေးနဲ့က RUSU မှာ သင်္ချာအဓိက အတူတူတက်ခဲ့ဖူးသည်။ ထို့အတူ အန်ကယ်ဦးလေးမောင်နဲ့ မှတ်မှတ်ရရ ဖြစ်ခဲ့တာလေးကလည်း ရှိခဲ့လို့ သူ့ထံ သွားနှုတ်ဆက်ပါသည်။
   ဖေဖေကွယ်လွန်၍ အသုဘချတဲ့နေ့က  ၁၉၈၁ခု၊ ဒီဇင်ဘာလ ၁၈ရက်နေ့ ဖြစ်ပါသည်။ ထိုအချိန်က လေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကိုကြီးမှ ထိုနေ့ကို လေတပ်ရုံးပိတ်ရက် သတ်မှတ်လိုက်ရင်း၊ ဖေဖေ့ကို ဂုဏ်ပြုပါသည်။
   ၁၉၄၀ ဖေဖေါ်ဝါရီလမှာ RAF အင်္ဂလိပ်လေတပ် ၀င်ခဲ့တဲ့ ဖေဖေ့အသုဘမို့ လူကြီးတွေ အတော်လာကြပါသည်။ ၀န်ကြီးချုပ် ဦးမောင်မောင်ခမှာ အင်ဂျင်နီယာကျောင်းတွင် ဖေဖေနဲ့ Classmate တတန်းထဲ သူငယ်ချင်းတွေမို့ "ဖိုးခ" ပဲ ခေါ်ခဲ့သည်။
   အဲဒီမှာ အန်ကယ်ဦးလေးမောင် ရောက်လာသည်။
   သူ .. အိမ်ရှေ့မှာ ဖိနပ်ချွတ်ပါသည်။ သူ့ဖိနပ် အသစ်ကြီးကို ကျွန်တော်မြင်ရသည်။ သူ့ကို ခရီးဦးကြိုပြုရင်း ဖေဖေ့ အလောင်းပြင်ထားရာသို့ လိုက်ပို့ပေးခဲ့ပါသည်။
   ထိုစဉ်က ဦးလေးမောင်သည် ရာထူးအတော်ကြီးသည်။ ဦးနေ၀င်းရဲ့ လက်ရုံးတစ်ဆူဖြစ်ပြီး၊ ဘာမဆို - သူပြီးလျှင် ပြီးသည်။ နေတာကလည်း ဦးနေ၀င်းရဲ့ အိမ်နားမှာပါပဲ ။
   ဖေဖေ့အလောင်း သူကြည့်ပြီးတော့ ကျွန်တော်မှပင် သူ့အနားသွားရပ်ကာ - သူ့ကို ပြန်ပို့ရပါသည်။ အသုဘ ချကာနီးပြီမို့ - လူတွေက ရုတ်ရုတ်သဲသဲ ဖြစ်နေပါပြီ။
   အိမ်ရှေ့ပြန်ရောက်တော့ သူချွတ်ခဲ့တဲ့ ဖိနပ်ကြီး ပြန်ဝတ်ဖို့ လုပ်ရာ - သူ့ရဲ့ ဖိနပ်အသစ်ကြီးက ထိုနေရာမှာ မရှိတော့ပါ -
   မြန်မာပြည် အသုဘတွေရဲ့ ထုံးစံအတိုင်း - ဖိနပ်ကြီး ပိုင်ရှင်ထံ ပြေးပါပြီ - ဘိုင်းဘိုင်။
  
ခုနတင် ဒီနေရာမှာ သေသေချာချာ ချွတ်ခဲ့တဲ့ - ဖိနပ်အသစ်ကြီးက ဘယ်နေရာမှာမှ သွားမပုန်းနိုင်ပါ။ တကယ်ပဲ ဦးလေးမောင်ကို ဘိုင်းဘိုင် လုပ်သွားပါပြီ။
   ကျွန်တော်လည်း သူ့ဖိနပ်ပျောက်သွားတာ သေသေချာချာ သိရလို့ သူ့ကို အားနာမိသည်။ သူ့မျက်နှာ လှမ်းကြည့်တော့ အိနြေ္ဒပျက်ချင်ချင် ဖြစ်နေပေမဲ့ လူကြီးလူကောင်းမို့ထင်ပါရဲ့ ၊ မျက်နှာမပျက်၊
   အဲဒီမှာတင် ကျွန်တော် ငတက်ပြား ဖြစ်သွားရပါသည်။
   ရှင်းရှင်းရေးရလျှင် ဖိနပ်သူခိုး လုပ်လိုက်ရပါသည်။
   "  ဟာ .... ဒီမှာ အန်ကယ့်ဖိနပ် " ... ဆိုကာ .. အနားမှာရှိနေတဲ့ ဘယ်သူ့ဖိနပ်မှန်း မသိရတဲ့ ဖိနပ်လတ်လတ် တရံကို လှမ်းယူရင်း သူ့ရဲ့ ခြေနားမှာချ - ကျွန်တော်ပဲ ကောက်စွတ်ပေးရင်း - ကျွန်တော်ဖိနပ်သူခိုးလုပ်လိုက်ရပါသည်။ ထိုပိုင်ရှင်အား ကန်တော့ တောင်းပန်ပါသည်။
   အဲဒီကျမှ ဦးလေးမောင်ဆိုသူ ဦးနေ၀င်းလက်ရုံးတစ်ဆူ၊ ပုဂ္ဂိုလ်ကြီးမှာ ကြည့်မြင်တိုင်နေ ဖိနပ်သူခိုးထံ လက်နက်မချပဲ - ဖိနပ်ဓါးပြလုပ်ကာ  ဥပမာနှိုင်းရပါက - အိမ်သာသွားချင်ချိန် - အိမ်သာထဲမှာ အားရပါးရ ညှစ်လိုက်ရသူလို ၀မ်းသာပီတိတွေဖြစ်၊ အဲဒီလို မျက်နှာမျိုးနဲ့ ကျွန်တော့အားလည်း ကျေးဇူးတင်တဲ့ ပုံနဲ့ ကြည့်ရင်း သူ့ကားဆီ ကွန်မန်ဒိုနည်းနဲ့ အမြန်သုတ်ပါတော့သည်။
   သူ့ကားနားရောက်ချိန်၊ သူ့ကားတံခါး ဖွင့်ပြီးချိန် အန်ကယ်ဦးလေးမောင်မှ အထဲဝင်ထိုင်ရင်း ..
   " သား .. မင်း.. ဘာလိုလို၊ အန်ကယ့်ဆီလာခဲ့၊ အချိန်မရွေးနော်၊ အချိန်မရွေး.."

   ကျွန်တော် သူ့ထံ မသွားခဲ့ပါ။ ဘာအကူအညီမှလည်း မတောင်းခဲ့ပါ။ သင်္ဘောပေါ် တက်ရဖို့အတွက်လည်း ထိုစဉ်က ဖေဖေ့မိတ်ဆွေ သူငယ်ချင်း ရဲဘော်၊ရဲဘက် တွေ ဖြစ်တဲ့၊ ၀န်ကြီးချုပ်၊ ဒု-၀န်ကြီးချုပ် နဲ့ ၀န်ကြီးတွေဆီလည်း သွားမတွေ့ခဲ့ပါ။
   အန်ကယ် ဗိုလ်ချုပ်ကိုကြီးမှ
   " သားရယ် .. သင်္ဘောကိုတော့ ထမင်းချက်နဲ့ မလိုက်ပါနဲ့။ အန်ကယ့်ဆီ လာခဲ့ပါ "  ဆိုခဲ့သော်လည်း သွားမတွေ့ခဲ့ပါ။
    ယခု ၁၉၈၇ ခုနှစ်မျာ ကျွန်တော် သူ့ဆီသွားတွေ့ခဲ့တာကတော့၊ ကျွန်တော်က အမေရိကားမှာဆိုတော့ ထိုအန်ကယ်ဦးလေးမောင်မှာ အမေရိကန်အစိုးရပိုင်နဲ့ အဆက်အသွယ်ရှိခဲ့လို့၊ အကယ်၍  ကျွန်တော် အမေရိကားမှာ အကူအညီ လိုခဲ့ပါက၊ သူပဲ ဆောင်ရွက်ကူညီနိုင်မည် တွေးမိ၍ အဓိကဖြစ်ပါသည်။
   " လာ .. လာ .. သား..။  သမီးတော့ မရှိဘူး" 
   ဦးလေးမောင်၏ အိမ်ထဲရောက်တော့ သူကြိုစောင့်နေပါသည်။ အလ္လာပ၊ သလ္လာပ စကားများ ပြောမိကြတော့ သူဝမ်းသာပုံပြပါသည်။ အမေရိကားရောက်ရောက်ချင်း အလုပ်ရဖို့မှ မလွယ်ပဲ။ တခြားတက်လမ်းများလည်း ရှာရန် သူမှာပြီးနောက် " နောက်လာမဲ့ သူတွေကိုလည်း ဂရုစိုက်နော် " .. တဲ့။
   ထိုစဉ်က သူဘာကြောင့် ထိုစကားပြောခဲ့တာ ကျွန်တော်မသိပါ။ စိတ်ထဲမှာ နောက်ရောက်လာမဲ့ မိသားစုတွေကို ပြောတာပဲ ဟု ထင်ခဲ့မိပါသည်။
   အမှန်မှာတော့ 8888 ရှစ်လေးလုံး အရေးအခင်းကြီး ဖြစ်တော့မှာ သူကြိုသိနေပါသည်။ ဘာကြောင့်ဆို ဒါကြီးဖြစ်လာဖို့ သူပဲ ဦးနေ၀င်းနဲ့ စီစဉ်ရင်း မဆလ အစိုးရကို လူထုမှ အုံကြွလာစေရန် ၁၉၈၅ခုနှစ်နဲ့ ယခု ၁၉၈၇ ငွေစက္ကူတွေ တမင် သိမ်းခိုင်းခဲ့တာ - နောင်သိလာရပါသည်။

ဆက်ရန်

Wednesday, 1 June 2011

အခန်း(၁)၊ နိုင်ငံရေးသူငယ်တန်းဘ၀ (ဒုတိယပိုင်း)

   ထိုမှ ကိုခင်မော်မှ စပွန်စာပို့လိုက်ပြီ ဆိုတော့ အတော်ပျော်သွားသည်။
   ထိုအချိန်က ၁၉၈၇ခုနှစ် သြဂုတ်လဆန်း ဖြစ်ပါသည်။
   မြန်မာလူမျိုး ထုံးစံအတိုင်း ဘာသာရေး ပိုအာရုံပြုခဲ့ရပါသည်။ ကျွန်တော်နေခဲ့ရာ ယောက္ခမအိမ်မှ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်သို့ ၁မိုင်ခန့်ပဲ ဝေးလို့မို့၊ နေ့စဉ် နံနက်တိုင်း ၄နာရီထ၊ လမ်းလျှောက်သွားရင်း ရွှေတိဂုံဘုရားကြီးရဲ့ အင်္ဂဒေါင့်မှာ ဘုရားရှိခိုး၊ ပုတီးစိတ်ပါသည်။
   ဗီဇာရဖို့အတွက် မေးမိတော့ အမေရိကန်ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန် Mr Steven M Horngan ထံမှ ဗီဇာရဖို့ အလွန်ခက်ကြောင်း၊ အလည်သွားလိုသူ ၁၀ဦးတွင် အများဆုံး ၃ဦးခန့်သာ ဗီဇာရတတ်ကြောင်း ကြားလာရသည်။
   ယောက်ဖကိုခင်မော်၏ မရီးဖြစ်သူ မအက်စသာမှာ ကောင်စစ်ဝန်ရုံးတွင် အလုပ်လုပ်သော ဒေါ်လူစီချောင်း နှင့် မိတ်ဆက်ပေးသည်၊ အန်တီလူစီမှာ အမေရိကားသွားလိုသူ မြန်မာများကို သူတတ်နိုင်တာ အထူး ကူညီနေရာ၊ ကျွန်တော့ကိုလည်း အားပေးပါသည်။
    ထိုအချိန်တွင် ကိုဇင်မော်ထံမှ စာထပ်ရောက်လာပါသည်။ ဤလကုန်မှ စ - လူ၁ဦး လိုနေ၍ အမြန်လိုက်လာခဲ့ပါတဲ့။ တပတ် အနဲဆုံး ၅ရက် အပြင်၊ overtime ပါ လုပ်ရမည်တဲ့။ သူတလ ဒေါ်လာ ၉၀၀ ကျော်ရနေပြီဆိုပဲ။
    ကဲ .. အမေရိကားသွားရဖို့ရာ လေယာဉ်လက်မှတ်ခ - နေရေး - အပြင် အလုပ်ရဖို့ ၀င်ငွေရဖို့ပါ သေချာနေပြီ၊ အရေးကြီးဆုံး ဗီဇာရရှိရေးပဲ ကျန်တော့သည်။ ဗီဇာရရှိလို့ ဟိုရောက်ရင် အလုပ်ကြိုးစားရင် တရားဝင်နေထိုင်၊ အလုပ်လုပ်ခွင့်ကို ဆက်ကြိုးစားနိုင်ပါသည်။
    မကြာမီ စပွန်စာ လက်မှတ် ရောက်လာရာ၊ ဗီဇာရဖို့ ကောင်စစ်ဝန်နဲ့ တွေ့ဖို့ ရက်ချိန်းယူရပါသည်။
    မှတ်မှတ်ရရ  သြဂုတ်လကုန်ပိုင်း..

    မိမိကံဇာတာ တက်လာသည်ဟု ထင်မိချိန် (အဒေါ် အငယ်ဆုံး ဒေါ်တင်တင်ထွေး နေမကောင်း၍ စစ်ဆေးရုံအမှတ်၂ မှာပါတဲ့။ ဖခင်မှာ တဦးထဲသော သားဖြစ်ပြီး - ညီမ၊ အစ်မ ၇ဦး ရှိခဲ့ရာ၊ ယခု အဒေါ်မှာ မောင်နှမတွေခထဲမှ အငယ်ဆုံး၊ အသက်ကလဲ ၅၅နှစ်ပဲ ရှိပါသေးသည်။
   တပ်မတော်စစ်ဆေးရုံ ဆိုသည်မှာ တက်ဖို့မလွယ်ပါ။
   ဖခင်မှာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့က ကွယ်လွန်ခဲ့ရာ၊ ခုလို ဒေါ်ထွေး နေမကောင်းဖြစ်တော့ စစ်ဆေးရုံ ဘယ်လိုတက်နိုင်သလဲ !
   သိမ်ဖြူ တင်းနစ်ကွင်းဘေး - ကန်တော်ကလေး အထကကျောင်း၊ မင်္ဂလာတောင်ညွန့်ကျောင်းမှ ကျောင်းဆရာမ အပျိုကြီးခမျှာ တူတော်မောင်၊ အမေရိကားသွားရမဲ့ အချိန်မှာ ဆေးရုံတက်ရတာပါ။
   သူ စစ်ဆေးရုံ အမှတ်၂ တက်နိုင်ဖို့ ကူညီခဲ့သူတွေကတော့ ထိုစဉ်က မဆလ အစိုးရအဖွဲ့၏ ဒုတိယ၀န်ကြီးချုပ်ဖြစ်နေသူ သူရဦးထွန်းတင် ပဲ ဖြစ်ပါသည်။
    သူရဦးထွန်းတင် မိသားစုက ကျွန်တော်တို့ မိသားစုနဲ့၊ မိသားစုရင်းတွေလိုပဲ ခင်မင်ခဲ့ကြတာ ကြာပြါ့ပီ။ သူရ ဦးထွန်းတင်၏ ဇနီးဖြစ်သူ TTC လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ဆရာမကြီး - ဒေါ်တင်တင်အေးနှင့် အရင်းတွေလို ချစ်ခင်သလို ဒေါ်တင်တင်ထွေးနဲ့ရော၊ ဒေါ်သိန်းနဲ့ပါ ခင်သည်။

   သူရဦးထွန်းတင် က မွန်ရည်သည်။ စစ်သားလို့ မထင်ရ၊ စကားပြောလဲ အေးသည်။ ဒါပေမဲ့ မာတာကတော့ သံချောင်းလိုပဲတဲ့။ သူတိုက်ခဲ့လို့ အင်းစိန်မြို့၊ ကရင်သူပုန်တွေလက်ထဲ မကျခဲ့တာရော၊ တရုတ်ဖြူ စစ်ဆင်ရေးမှာလည် ထိုစဉ်က စစ်ဆင်ရေးမှုး ဗိုလ်မှုးချုပ်ကျော်ဇော ခိုင်းတာ အကုန်လုပ်၊ တကယ်တိုက်ခဲ့နိုင်လို့ တရုပ်ဖြူတွေ ဆုတ်ခဲ့ရတာ သမိုင်းဝင်ပါပဲ။ သူရဘွဲ့နဲ့ ထိုက်တန်ရုံသာမက သီဟသူရဘွဲ့ပင် ရလောက်သူဟု ကြားဖူးခဲ့ပါသည်။
   ကျွန်တော်၏ ဖခင်မှာ ၁၉၄၀ ဖေဖေါ်ဝါရီ တွင် အင်္ဂလိပ်ဘုရင့်လေတပ်မတော် Royal Air Force RAF သို့ လေသူရဲအဖြစ် ၀င်ခဲ့ရာ ရဲဘော်၃ကျိပ်ဝင် ဗိုလ်ချုပ်နေ၀င်းထက် စီနီယာကျနေ၍ရော - ဗိုလ်ချုပ်အောင်ဆန်း၏ လူရင်း၊ ရဲဘော်ရင်း ဖြစ်နေ၍ရော ရီးစားကိစ္စနှင့်ရော ဗိုလ်နေ၀င်းမှာ မကြိုက်မနှစ်သက် ဖြစ်နေခဲ့ရာ - ဖေဖေကွယ်လွန်ချိန် ဘဘ သူရဦးထွန်းတင် မှ ဖေဖေလိုနေတာ ၁ခုပဲ ရှိကြောင်း၊ ဦးနေ၀င်းကို ဆရာတင်ပါက ထောင်တက်သွားမှာ ပြောခဲ့ဖူးပါသည်။
    ယခု စစ်ဆေးရုံ တက်နိုင်ဖို့ ကူညီခဲ့သူ ဘဘ သူရဦးထွန်းတင် ရှိမရှိ၊ ကျွန်တော်မသိရတော့ပါ။ သူရေးသည့် စာအုပ်ဖတ်လို၍ မှာထားတာလဲ မရသေးပါ။
   ကျွန်တော် ကံဇာတာ တက်လာပါသည် ထင်နေချိန်မှာ ဒေါ်ထွေး ခုလို ဆေးရုံတင်ရတော့ ကျွန်တော်သွားရမှာလည်း စိတ်လေးလာပါသည်။ ဒါနဲ့ပဲ ဒေါ်ထွေး သတင်းမေးရန် စီစဉ်ရပါသည်။

  သြဂုတ်လ ၂၂ရက်နေ့ ထင်ပါသည်။
  တပ်မတော် စစ်ဆေးရုံ ၂ - ဒေါ်ထွေး ဆီ သွားခဲ့တော့ အပေါ်ထပ် ဒေါ်ထွေးရဲ့အခန်းဝရှေ့မှာ ဘကြီးဖြစ်သူ ၀န်ကြီးဟောင်း ဦးကျော်မြင့်လေးကို တွေ့ ခဲ့ရပါသည်။
   ဒေါ်ထွေး ကို ၀င်ကြည့်တော့ အသက်ပြင်းပြင်း ရှုနေပါသည်။
   အခြေအနေမကောင်း၊
   သူ့လက်ကိုင်တော့ မျက်လုံးပင် မဖွင့်နိုင်ပါ။
   "သား .. တူးပါ - ဒေါ်ထွေး"
    သူကြားဟန်မတူပါ။
    အပြင်မှာ ရှိနေကြတဲ့ ဆရာမတွေရဲ့ မျက်နှာတွေလဲ မကောင်းကြပါ။ ကျွန်တော်လဲ စိတ်မကောင်း၊  ဒါပေမဲ့ အမေရိကားသွားရတော့မှာမို့ ခွဲရဖို့ဟာ ခွဲရမှာမို့ ဘာမှ ထပ်မတွေးတော့ပါ။
    အခန်းအပြင်ဖက် - ဘကြီး ဦးကျော်မြင့်လေး နားမှာ ထိုင်မိတော့ ရောက်တတ်ရာရာတွေ ပြောနေမိကြရင်းမှ - ကျွန်တော်သိလိုနေတဲ့ ကိစ္စတခုကို မှတ်မှတ်ရရ မေးခဲ့မိပါသည်။
   "ဘဘ - ၁၉၄၇ လောက်မှာ မြေနီကုန်းဖက်မှာ ဂဌုန်ဦးစောကို သေနပ်နဲ့ ပစ်လို့ ရှပ်မှန်သွားတယ်ပြောကြတယ်။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်း လုပ်ခိုင်းလို့ ဂဌုန်ဦးစောက အထင်လွဲပြီး လုပ်ကြံ လက်စားချေခဲ့တာတဲ့။ အဲဒါ ဟုတ်သလာ ဘဘ - ဗိုလ်ချုပ်အောင်ဆန်း ပစ်ခိုင်းတာလား"
   "ကိုစောကို လုပ်ကြံတာ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်ဖူး၊ အဲဒါကိုကျော်ငြိမ်းတို့ လုပ်တာ"
    ကျွန်တော် အံ့အားသင့်သွားပါသည်။ ဘာလို့ဆို သခင်ကျော်ငြိမ်းဆိုတာ ၀န်ကြီးချုပ်ဦးနုပြီးရင် ရာထူးအကြီးဆုံး ဒုဝန်ကြီးချုပ်အဖြစ်ကြားသိထားရ၍ ခု   - ဘဘ မှ ကိုကျော်ငြိမ်းလုပ်တာ ဆိုတော့ အံ့သြသွားမိသည်။
   "အဲဒီနေ့ မတိုင်ခင်က ကိုကျော်ငြိမ်းတို့ တခုခု ကြံစည်နေကြတယ် - ဘာမှန်းမသိရဘူး၊ ဒါပေမဲ့ မြေနီကုန်းမှာ သေနပ်ပစ်တော့မှ ဖဆဖလ ရုံး ဘဘရောက်တော့မှာ ဒါ .. သူတို့ လုပ်တာဆိုတာ အားလုံးရိပ်မိကြတယ်။"

   ၁၉၉၁ ခုနှစ် စက်တင်ဘာလ၌ NCGUB အစိုးရအဖွဲ့အား ကျွန်တော်ဦးဆောင်သော FFF အဖွဲ့မှ တာဝန်ခံ ဖိတ်ခေါ်ချိန်၊ အစိုးရအဖွဲ့ဝင် Dr. ဦးခင်မောင်ကြွယ် (ယခု ကွယ်လွန်) သခင်သာခင်၏သားမက်ကို - ဤကိစ္စ ပြောမိ - မေးမိတော့ Dr ဦးခင်မောင်ကြွယ်မှ ဖဆဖလမှာ မကောင်းတာဆို သူတို့ချည်းပါပဲကွယ် .. ဟု ရယ်ကာမောကာ ပြန်ဖြေခဲ့ပါသည်။
   နိုင်ငံရေး လူရိုးကြီး ဦးကျော်မြင့်လေးမှ ဆက်ပြောပါသည်။ ဖေဖေရဲ့ တပည့် - အဲဒါ ဘဘနဲ့ ဘဘအဖေ - ကိုစောဆီ သွားပီး သတင်းမေးရင်း၊ ကိုအောင်ဆန်း လုပ်တာမဟုတ်ဘူး၊ သွားပြောကြမလို့ပဲ..။ နေ့ရွှေ့၊ ညရွှေ့ နဲ့ မသွားဖြစ်ခဲ့ဘူး။
   [နောင် အမေရိကားရောက်ချိန် ဖလောရီဒါ နွေ - Dr ကြင်ဟိုး ရေးသားထုတ်ဝေသော စာအုပ်ငယ် ဖတ်ခဲ့ရာ ထိုဂဌုန်ဦးစောကို သေနပ်နှင့် ပစ်ခဲ့သူမှာ ရန်ကုန်ဘဆွေဖြစ်ပြီး၊ ကားကို ပေဖူးလွှာမဂ္ဂဇင်း ဦးမြလွင်မှ မောင်ခဲ့ကြောင်း၊ ဗိုလ်မှုးကြီးနေ၀င်းကို ကြိုးကိုင်ထားသော ဦးကျော်ငြိမ်းတို့မှ စီရင်ရင်း ဗိုလ်မှုးကြိးနေ၀င်းမှ သေနတ်ပစ်လက်တဲ့သူ - ရန်ကုန်ဘ၀ဆွေကို စေခိုင်းရင်းသူ၏ ခြောက်လုံးပြူးသေနပ်ကို ထုတ်ပေးရင်း ...ပိုလက်တည့်အောင် ကျင့်စေခဲ့ကြောင်း ဖတ်ခဲ့ဖူးပါသည်။
   ထိုနေ့က ဒေါ်ထွေး အခြေအနေမကောင်း၍ စိုးရိမ်ရတာရော။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရစေရန် ဦးကျော်ငြိမ်းတို့ စီစဉ်ခဲ့တာ သိခဲ့ရ၍ စိတ်တွေလေးခဲ့ရပါသည်။
 
   နောက်ရက် ဒေါ်ထွေး ဆုံးတယ် ဆိုတော့၊ အမေရိကားလာရမှာပင် စိတ်ပျက်နေမိပါသည်။
   ဖခင်ရဲ့အိမ်၊ ၇၉ ဈေးကြီးလမ်း၊ ကြည့်မြင်တိုင်အိမ်မှ ယခုဆို ဒေါ်ကြီးဒေါ်တင်တင်အေးနဲ့ ကြီးဒေါ် - ဒေါ်သိန်းတို့ ညီအစ်မ ၂ဦးပဲ ကျန်ကြတော့သည်။
   မောင်နှမ ၈ဦးထဲက တဦးတည်းသော သား ဖေဖေက ၁၉၈၁ ဒီဇင်ဘာ ၁၆ရက်နေ့က ဆုံးခဲ့ပြီ။ ယခု ဒေါ်ထွေးအလှည့်။
    ဒေါ်ကြီးအိမ်မှာ အန်ကယ်ဗိုလ်မှုးကြီးကျော်ဇောရဲ့ သမီး မမဥမ္မာဇော (ယခု အင်္ဂလန်နိုင်ငံ) က လာနေပေးသည်။ သူ့အဒေါ်အန်တီ မအုန်ကြည်လဲ လာတတ်သည်။ အန်ကယ် မောင်အေး (ယခု ဗိုလ်ချုပ်မှုးကြိး) တို့တော့ မတွေ့ရ။
    ဒေါ်ထွေး အသုဘ စည်ပါသည်။
    ၇၉ ဈေးကြီးလမ်းအိမ်မှ အသုဘ ဧည့်ခံတော့ ထိုစဉ်က လေတပ် စစ်ဥိးစီး ဗိုလ်မှုကြီးသိန်းဝင်း ရောက်လာသည်။ သူက အိမ်မ၀င်တော့ပဲ အိမ်ခြံဝမှာပင် ၀င်ထိုင်သည်။
    သူ့ရဲ့အစ်မကြီး ဒေါ်တင်တင်က ကျွန်တော့ရဲ့ သမိုင်းသင်ဆရာမ၊ သူ့ရဲ့အစ်ကိုကြီးက ဗိုလ်သိန်းဆွေ၊ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ ဘုန်းကြီးဗိုလ်သိန်းဆွေရယ်၊ ဖေဖေရယ်က ရဲဘော်ရဲဘက်ရင်းတွေဖြစ်ခဲ့ကြပါသည်။ ဘကြီးသိန်းဆွေ မသေခင်၊ သူ့ညီငယ် - အန်ကယ်သိန်းဝင်းကို ဖေဖေ့လက်ထဲအပ်သည်။ မောင်သိန်းဝင်းကို ဂရုစိုက်ပါ..တဲ့။
   အန်ကယ်သိန်းဝင်း - လေတပ်ထဲဝင်တော့ ဖေဖေက လေယာဉ်အမောင်း သင်ပေးခဲ့ရပါသည်။ လေယာဉ်ဒိုက်ထိုးတာတွေ ပြသသည်။ ကိုယ်လုံးလှည့်တာတွေ သင်ပေးသည်။ အန်ကယ်သိန်းဝင်းက တော်သည်။ တခါတရံ ခေါင်းခေါက်သင်ပေးသည် ဆိုပဲ။
   ထိုစဉ်က ၁၉၅၅ - ၅၇ ဖြစ်ရာ နောင်၁၀နှစ်ကျော် ကြာချိန် ဖေဖေ လူကြီးဘ၀နှင့် Flying Hours လေယာဉ်ပျံသန်းချိန်ရရန် ပျံသန်းရာမှာ ဖေဖေ ရိုးတိုးနိုင်သေးလား မေးခဲ့၍ ဖေဖေမှ တိုးလိုက်ရာ မှားသွားတော့ အန်ကယ်သိန်းဝင်းမှ ဖေဖေ့ကို ကျွန်တော် ခေါင်းခေါက်မပြတော့ပါဘူး .. စခဲ့ပါသည်တဲ့။
   စစ်ဦးစီး ဗိုလ်မှုးကြီးဆိုပေမဲ့လဲ - အန်ကယ်သိန်းဝင်းက မာနမကြီး၊ ကျွန်တော်နဲ့ လည်း တူသားရင်းလို ဖြစ်နေရာ သူလာချိန် ခြံဝမှာ ထိုင်နေသူ ကျွန်တော့ဘေးနားက ခုံမှာပဲ ၀င်ထိုင်ပါသည်။ သူမှ .." ကိုတူး - စာအုပ်ထပ်ရေးသေးလား "  မေးလာတော့ ကျွန်တော်မှ " မဲခေါင်မြင်ကွင်းကျယ် " မထုတ်ဖြစ်တာပြောပြခဲ့ပါသည်။
  "အန်ကယ်နော် - အန်ကယ် လေတပ်ဦးစီးချုပ်ဖြစ်လာရင် လေတပ်ကို FF မဖြစ်စေနဲ့တော့နော်၊ ခု.. လေတပ်က FF ဖြစ်နေပြီ"
   အန်ကယ်သိန်းဝင်းမှ FF ဆိုတာ မသိပါ၊
   " FF ဆိုတာ Family Force ကိုပြောတာ - Fone Force ဖုံတပ် - ညံ့သောတပ် လို့လဲ ခေါ်လို့ရတယ် -
   ဆိုတော့ သူက ရီသည်။
   ဘာလို့ဆို လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်သူရစောဖြူ - ပို့ဆောင်၊ဆက်သွယ်ရေး ၀န်ကြီးဖြစ်တော့ ယောက်ဖဖြစ်သူ အန်ကယ် ဗိုလ်ချုပ်ကိုကြီးမှ လေတပ်ကို ဆက်ဦးစီးသည်။
   အန်ကယ်ကိုကြီး - ၀န်ကြီးဖြစ်ပြန်တော့ သူ့ယောက်ဖ ထင်ပါသည်။ အန်ကယ် တော်မီတင်ထွန်း က လေတပ် ဦးစီးချုပ်ဆက်လုပ်သည်။ သမီးယောက်ဖ ဘက်လိုက်တယ်လို့ လေတပ် ဦးစီးချုပ်တွေ ဖြစ်သွားသည်၊ အန်ကယ်ကိုကြီးရဲ့ နှမ - အန်တီစိန်ကို အန်ကယ်စောဖြူ ယူခဲ့ပြီး၊ ညီမငယ်ကို တော်မီတင်ထွန်းက ယူခဲ့တော့ သမီးယောက်ဖတွေချည်း လေတပ်မှာ ဦးစီးချုပ်တွေ ဆက် - ဆက် ဖြစ်နေ၍ လေတပ်မှာ အလိုလိုနေရင်း Family Force မိသားစု တပ်ကြီးဖြစ်သွားခဲ့သည်။
   ဒါတောင် - ဗိုလ်ချုပ်ကိုကြီးရဲ့ ယောက္ခမ တဦးဖြစ်သူ ဒုဗိုလ်မှုကြီး ပေါ်ခန့်သန်းက ပါတီဖက်ရောက်သွားလို့၊ ဗိုလ်ချုပ်ကိုကြီးရဲ့ နှမတွေရဲ့ လင်ဖြစ်နေတဲ့ အန်ကယ်စောဖြူတို့၊ အန်ကယ်တော်မီတင်ထွန်းတို့ပြီးရင် အန်ကယ်ပေါ်ခန့်သန်း - လေတပ်စစ်ဦးစီးချုပ် ဆက်ဖြစ်နေပါက ရီစရာကြီး ။
  ခု အဲဒီ FF ကိစ္စ ပြောပြတော့ လေတပ်စစ်ဦးစီး ဗိုလ်မှုးကြီးသန်းဝင်း (ယခု အငြိမ်းစား ၀န်ကြီး၊ ဗိုလ်ချုပ်) က ရီပါလေရော၊

ဆက်ရန်